အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ဒီနေ့တော့ ရွာငံဒေသကို ရောက်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံအချို့နဲ့ ရွာငံအကြောင်း သိသမျှလေး ဖောက်သည်ချလိုပါတယ်။ အများကြီးမသိပေမယ့် သိသလောက်နဲ့ ဆရာလုပ်တာလို့ပဲ မှတ်ထားလိုက်ကြတော့ 😁 ရွာငံဒေသက အခုဆိုရင် အတော်လေးနာမည်ကြီးနေသလို နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားမှုများတဲ့ဒေသလည်းဖြစ်နေပါတယ်။ အခါအခွင့်ကြုံကြိုက်ရင်တော့ သွားဖြစ်အောင်သွားသင့်တဲ့နေရာဒေသတစ်ခုဖြစ်ပါတယ်လို့လည်း ပြောလိုက်ပါတယ်။ အချိန်ယူပြီး မိသားစုနဲ့ပဲဖြစ်စေ သူငယ်ချင်းများနဲ့ပဲဖြစ်စေအပန်းဖြေအနားယူရင်း သွားဖြစ်အောင်သွားကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကားစီးရတာကတော့ အသည်းတယားယားရှိနိုင်ပါတယ်။
ရွာငံဒေသက ဓနုတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတဲ့အပြင် သဘာဝတောတောင်ရှုခင်းတွေကလည်း လှပပါတယ်။ လည်စရာတွေများပေမယ့် သေချာစနစ်တကျမပြုလုပ်နိုင်သေးပါ။ ခရီးသွားများ စိတ်ဝင်စားစေရန်အတွက် ကြိုးပမ်းနေကြတာကိုတော့ ကြားသိရပါတယ်။ အများအားဖြင့်တော့ ခရီးသွားကုမ္ပဏီများကနေ ဖော်ထုတ်နေခြင်းဖြစ်တယ်လို့ထင်ပါတယ်။ ရွာငံဒေသမှ ထွက်တဲ့ ကုန်ပစ္စည်းတွေကိုလည်း ကမ္ဘာမှာထိုးဖောက်ဖို့ ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။ အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာတော့ ဆက်လက်ဖော်ဆောင်ဖို့ မလွယ်ကူဘူးလို့ထင်ပါတယ်။ စိတ်ဝင်စားစရာ အပန်းဖြေလည်ပတ်စရာနေရာတစ်ခုဆိုတာတော့ ငြင်းမရပါဘူး။
ရွာငံရဲ့ နာမည်အကြီးဆုံးနဲ့ တသီးတသန့်သွားစရာမလိုတဲ့ နေရာကတော့ လမ်းဘေးမှာ ယူကလစ်ပင်တွေ တန်းစီစိုက်ထားတဲ့ ယူကလစ်တန်းပဲဖြစ်ပါတယ်။ သဘာဝရေတံခွန်စိမ့်စမ်းတွေ သဘာဝလှိုဏ်ဂူကြီးတွေရှိပြီး စိတ်ဝင်စားဖွယ်ဖြစ်တဲ့ ဒေသသိဖို့ခက်ခဲတဲ့ဒေသလို့ ခေါ်ကြပါတယ်။ ကမ္ဘာဦးကျောက်ခေတ်လူသားတွေ နေထိုင်သွားတယ်ဆိုတဲ့ ပြဒါးလင်းဂူ အမှတ်(၁)နဲ့ အမှတ်(၂)ကိုတော့ တစ်ခေါက်မှ မရောက်ဖူးသေးပါ။ အများအားဖြင့်တော့ တောကျယ် မြသပိတ်ရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ မိန်းမရဲတောင်၊ ဆင်ခေါင်းတောင်၊ အလယ်ချောင်းရေတံခွန် နဲ့ အချို့ရေတံခွန်များကိုသာရောက်ဖူးခဲ့ပါတယ်။ အချိန်မပေးနိုင်တာလည်း ပါပါတယ်။ တစ်ရက်ဆိုတဲ့အချိန်အတွင်းမှာတော့ အပျိုစင်ဒေသကို နေရာစုံရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထင်ပါတယ်။ ရေပြာအိုင်ဆိုတာ လူသိများပေမယ့် တကယ်တမ်းကတော့ ရေအိုင်မှလွဲပြီး ဘာမှသိပ်စိတ်ဝင်စားဖွယ်ရာမမြင်မိပါဘူး။
ဟိုးအရင် လမ်းကောင်းကောင်းမပေါက်သေးတဲ့အချိန်ကတည်းက ရွာငံဖြတ်လမ်းကနေ တထိတ်ထိတ် တလန့်လန့်နဲ့ ခရီးသွားခဲ့ဖူးပါတယ်။ အချိန်ရရင်ရသလို လျှောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ မကြာခင်ကရောက်တဲ့အခါမှာတော့ လမ်းတွေ အင်မတန်ကောင်းနေတာကိုတွေ့ရပါတယ်။ တိုးတက်ဖွံ့ဖြိုးလာတာကိုလည်းတွေ့ရပါတယ်။ သို့ပေမယ့် အခုလောလောဆယ်မှာတော့ တိုးတက်မှုမရှိတဲ့နေရာဒေသတစ်ခုလိုပြန်ဖြစ်နေပါတယ်။ စီးပွားရေးအကွက်အကွင်းမြင်သူများကတော့ ရွာငံဒေသကို အပြေးအလွှားသွားရောက်ကြည့်ရှုနေကြပြီး လုပ်ငန်းတွေကိုလုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ ာ ရွာငံဒေသမှာနေထိုင်သူတွေရဲ့အပြောအရ နွေရာသီလို အချိန်မှတောင်မှ ညပိုင်းစောင်ခြုံအိပ်ရတယ်လို့ဆိုကြပါတယ်။ အပူချိန်များတဲ့နေရာဒေသကလူတွေအတွက် အပူရှောင်ဖို့အပန်းဖြေအနားယူဖို့ သိပ်အဝေးကြီးလည်းမဟုတ်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
တကယ်တော့ အပျိုစင်ဒေသလို့ခေါ်ကြတဲ့ ရွာငံမှာ စိတ်ဝင်စားစရာ စီးပွားရေးလုပ်ကိုင်စရာတွေ အများအပြားကျန်ရှိနေသေးတာကို တွေ့ရပါတယ်။ ရွာငံဒေသက ကော်ဖီဆိုရင် နာမည်ကြီးပါတယ်။ ကျွန်တော်ကတော့ ကော်ဖီမသောက်ဖြစ်လို့ သိပ်မသိပါဘူး။ နောက်တစ်ခု နိုင်ငံခြားသားတွေစိတ်ဝင်စားတဲ့အရာက ရွာငံဒေသထွက် မက္ကဒေးမီးယားလို့ခေါ်တဲ့အသီးဖြစ်ပါတယ်။ စားလို့လည်းကောင်းပါတယ်။ ချောကလက်လုပ်ကြတယ်လို့လည်းဆိုပါတယ်။ သူ့အသီးခွံကမာတော့ တူနဲ့ထုခွဲပြီး အထဲကအစေ့ဆန်ကို စားရတာဖြစ်ပေမယ့် အရသာကို သဘောကျတဲ့သူတွေကတော့ တူထုဖို့မပျင်းကြတာတွေ့ရပါတယ်။ အဲဒီအသီးကိုတော့ ဓာတ်ပုံရိုက်ယူဖို့မေ့သွားခဲ့ပါတယ်။ ဒီအသီးပင်စိုက်ပျိုးရေးဟာ နောင်အလားအလာကောင်းတဲ့ စိုက်ပျိုးရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံခြားသားအများစုက ဒေသထွက်ကုန်တွေကို စိတ်ဝင်စားကြသလို ကမ္ဘာဦး ကျောက်ခေတ်လူသားတွေနေထိုင်သွားတဲ့ ဒေသဖြစ်တယ်လို့သတ်မှတ်ထားကြတဲ့အတွက် သမိုင်းအမွေအနှစ်နဲ့ အထောက်အထားတွေကို စိတ်ဝင်စားကြတာလို့ ယူဆမိပါတယ်။ သမိုင်းအနှစ်တွေ မပျက်စီးအောင်တော့ ထိန်းသိမ်းထားဖို့လိုမှာဖြစ်ပါတယ်။ ဓနုတိုင်းရင်းသားတို့ရဲ့ ရိုးရာအစားအသောက်တွေကလည်း တစ်မျိုးတစ်မြည် အရသာရှိပါတယ်။ ကျွန်တော်မသိသေးတာတွေ အများကြီးရှိနေပါသေးတယ်။ တကယ့်အရသာကို ခံစားကြည့်ဖို့ဆိုရင်တော့ ကိုယ်တိုင်ပဲ အပျိုစင်လေးကို သွားကြည့်ကြပါ။ အင်မတန် အေးချမ်း သာယာပြီး နေချင်စဖွယ်နေရာ ဒေသတစ်ခုဖြစ်တယ်လို့ထင်မှတ်မိပါတော့တယ်။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -