အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ......
ရေကန်တွေထဲမှာ ရေတစ်ခုတည်းရှိနေရင် အဲဒီရေကန်ကို လှတယ်လို့ လူတွေက မမြင်ဘူး။ မယူဆကြဘူး။ ရေကန်ထဲမှာ လှပတဲ့ပန်းတွေ ပွင့်တတ်တဲ့ ဗေဒါလိုအပင်မျိုး အဲဒီထက်လှပတယ်လို့ မြင်စေချင်ရင် ကြာပင်လိုအပင်မျိုးတွေ ရှိနေမှဖြစ်မှာပဲ။ ရေ နဲ့ ကြာဆိုတာက စာတွေထဲမှာ ဥပမာအနေနဲ့တင်စားတဲ့အခါ အမြဲတွဲလျက်ရှိနေတတ်တာများတယ်။ ဒီတော့ ကန်ရေပြင်လှပစေဖို့ဆိုရင် ကြာပန်းပင်လေးတွေ တည်ရှိနေတာက ကန်ရဲ့အလှကို အထောက်အကူပြုတယ်လို့ ဆိုနိုင်ပါတယ်။ ရေပြင်ပေါ်မှာ ရှိနေတဲ့ ကြာပင်ကနေ ပွင့်လန်းနေတဲ့ ကြာပင်တွေကို တွေ့ကြရတဲ့အခါ ပျော်ရွှင်ကြည်နူးသွားစေတတ်တယ်။ ကြာပန်းတွေကြောင့် ရေကန်က ပိုပြီးလှပသွားတတ်သလို ရေကန်ကြောင့်ပဲ ကြာပင်တွေဟာ လှပနေကြရတယ်။ အပြန်အလှန်မှီခိုပြီး အကျိုးပြုနေကြတာပဲ။
ကျွန်တော်တို့လူ့လောကကြီးမှာလည်း တစ်ဉီးနဲ့တစ်ဉီး အပြန်အလှန်အကျိုးပြုဆက်ဆံနိုင်ကြရင် အင်မတန်ကြည့်လို့လှသွားမယ်။ လှပတဲ့လူ့လောကကြီးဖြစ်သွားမယ်လို့ မြင်မိတာပဲ။ အသိဉာဏ်ပညာရှိသူတွေက ကြာတွေနဲ့ တူနေသလို လူ့လောကကြီးကတော့ ကန်ရေပြင်ကြီးနဲ့တူမယ်လို့ ယူဆမိပါတယ်။ အသိဉာဏ်ပညာရှိသူတွေက လူ့လောကကြီးကို အကျိုးပြုပြီး လှပစေနိုင်ကြတယ်။ အသိဉာဏ်ပညာမဲ့သူတွေကတော့ ကန်တွေထဲက အမှိုက်သရိုက်တွေဖြစ်လို့ ကန်ရဲ့အလှအပတွေကို ဖျက်ဆီးတတ်သလို လူ့လောကကြီးကိုလည်း ပျက်စီးအောင်လုပ်တတ်ကြပါတယ်။ လူ့လောကကြီးရဲ့ အမှိုက်သရိုက်တွေဟာ အသိဉာဏ်ပညာမဲ့သူတွေပဲဖြစ်ပါတယ်။
"ဘေးရန်ဟူသမျှတို့သည် လူမိုက်ကြောင့် ဖြစ်ကုန်၏။ ပညာရှိကြောင့် မဖြစ်ကုန်၊ ဖြစ်ပေါ်လာသော မငြိမ်းအေးမှုမှန်သမျှတို့သည် လူမိုက်ကြောင့်ဖြစ်ကုန်၏။ ပညာရှိကြောင့် မဖြစ်ကုန်၊ ပူဆွေးရမှုမှန်သမျှတို့သည်လည်း လူမိုက်ကြောင့်ဖြစ်ကုန်၏။ ပညာရှိကြောင့်မဖြစ်ကုန်။"ဆိုတဲ့စာသားလေးတွေကို ကျောင်းသားဘဝ တောင်ရေး မြောက်ရေး ရေးထားတဲ့ မှတ်စုစာအုပ်ထဲကနေတွေ့မိလို့ ဒီစာဖြစ်လာရပါတယ်။ ဘယ်တုံးက ဘယ်စာအုပ်ကလည်းဆိုတာကိုတော့ မှတ်မထားလိုက်တဲ့အတွက် မဖော်ပြနိုင်တော့ပါဘူး။ ဘုရားစာလား အတွေးအခေါ်ပညာရှင်ရဲ့စကားတွေလားဆိုတာလည်း မသိပါဘူး။ ဒါပေမယ့် အမှန်စကားတွေလို့လက်ခံမိတဲ့အတွက် ဖော်ပြခြင်းဖြစ်ပါတယ်။
ရေကန်ကို တင့်တယ်လှပစေတဲ့ ကြာတွေက အမျိုးစား ငါးမျိုးရှိတယ်ဆိုတာကို သိပေမယ့် ဘာအမျိုးအစားတွေလဲဆိုတာကိုတော့ မမှတ်မိတော့ပါ။ ကြာမျိုးငါးပါးကို သိသူတွေ အောက်မှာကွန့်မန့်လေးရေးသွားကြပါအုံး။ ကြာကို ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ အလေးအမြတ်ထားတဲ့အရာတွေမှာ တွဲဖက်ဖော်ပြတတ်တယ်လို့ထင်ပါတယ်။ ထူးခြားတဲ့အချက်ဖြစ်ပေမယ့် သေချာတော့မသိပါဘူး။ စေတီတွေမှာလည်း ကြာမှောက် ကြာလှန်ဆိုတာတွေကိုတော့ ကြားဖူးမိပါရဲ့။ မြန်မာနိုင်ငံ သံဃနာယတံဆိပ်တုံးမှာပင် ကြာပန်းလေးပွင့်ပါတာကို မြင်ဖူးပါတယ်။ ဒီတော့ ကြာဆိုတာ မြင့်မြတ်တဲ့ပန်းလို့ ယူဆနိုင်ကြမယ်ထင်ပါတယ်။
အသိဉာဏ်ပညာရှိတဲ့သူတွေကို ကြာနဲ့တင်စားတာ လွန်အံ့မထင်ပါ။ အထက်မှာရေးခဲ့သလို ကြာက ရေကန်ကိုတင့်တယ်လှပစေသလို မြင်ရသူတွေရဲ့ စိတ်နှလုံးကို အေးချမ်းပျော်ရွှင်စေတတ်ပါတယ်။ ဒီလိုပဲ အသိဉာဏ်ပညာရှိသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ စိတ်နှလုံးအေးချမ်း ပျော်ရွှင်စေနိုင်ပါတယ်။ ကြာကရေကန်ရဲ့အလှကို ဖြည့်စွမ်းပေးသလို အသိဉာဏ်ပညာရှိသူတွေဟာ လူ့လောကကြီးကို လှပတင့်တယ်အောင် ဖြည့်စွမ်းပေးကြပါတယ်။ မိုက်မဲတဲ့ လူမိုက်တွေကတော့ လူ့လောကကြီးကို သူတို့ရဲ့အတ္တအတွက် ဖျက်ဆီးဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး။ အသိဉာဏ်ပညာကို ရှေ့တန်းထားပြီးတော့ လူ့လောကကြီး သာယာလှပအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -