အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ခုတစ်လော ကျန်းမာရေးက ဖောက်ချင်ချင်ဖြစ်နေလို့ ကိုယ့်ကိုယ်ကို အတော်ဂရုစိုက်နေရတယ်ဗျို့... မိတ်ဆွေများလည်း ကျန်းမာရေးတော့ ဂရုစိုက်ကြပါလေ... ကျန်းမာရေးမကောင်းရင် ကျန်တာ ဘာတွေဘယ်လောက်ပဲကောင်းကောင်း အရာမရောက်တော့ဘူးလို့ ဆိုရမယ်... ငွေထုပ်ကြီးကိုင်ပြီး ကုတင်ပေါ်ပက်လက်လေးဖြစ်နေတဲ့ပုံကို စဉ်းစားကြည့်တာနဲ့တင် အတော်စိတ်ပျက်မိကြပါလိမ့်မယ်... ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ဆိုကြတယ်... တကယ်လည်း ကျန်းမာခြင်းက တန်ဖိုးကြီးမားလှပါတယ်...
ကျန်းမာခြင်းရဲ့တန်ဖိုးကို မကျန်းမမာဖြစ်နေလို့ အိပ်ရာပေါ်မှာလှဲနေရသူက ပိုပြီးသိတတ်တယ်... တကယ်တော့ ကျွန်တော်တို့အနေနဲ့က ကိုယ်တိုင်ဖြစ်မှ တန်ဖိုးသိတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်... အခြားသူတွေကို ကြည့်ပြီး သင်ခန်းစာယူပြီး ကိုယ့်ကျန်းမာရေးကို ပိုပြီးတော့ ဂရုစိုက်သင့်ကြပါတယ်... ကျန်းမာရေးကောင်းခြင်း မကောင်းခြင်းဆိုတာက ကိုယ့်ရဲ့ အစားအသောက် အနေအထိုင်ပေါ်မှာ အများကြီးမူတည်နေတာကို တွေ့နိုင်ပါတယ်...
ဒီတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက်က ကိုယ်တိုင်ရဲ့ အနေအထိုင် အစားအသောက်ကို အလွန်အကျွံလုပ်တဲ့ကိစ္စမျိုးတွေကို ရှောင်ရှားသင့်တယ်မဟုတ်လား... အလွန်အကျွံဆိုရင် ဘာအရာပဲဖြစ်ဖြစ် မကောင်းပါ... ကောင်းတဲ့အရာပဲဖြစ်ပါစေအုံးတော့... အလွန်အကျွံလုပ်ရင် ဆိုးကျိုးက ဖြစ်ပေါ်လာတတ်စမြဲပင်ဖြစ်ပါတယ်... အားဆေးဆိုသောဆေးဝါးတွေကို အားရှိတယ်ဆိုပြီး အလွန်အကျွံသောက်ရင် အန္တရာယ်ပေးတတ်ပါသေးတယ်... ဟုတ်မဟုတ်တော့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေကိုသာ မေးကြည့်ကြပေတော့... အားဖြစ်စေနိုင်တဲ့ဆေးဝါးကိုတောင် အချိန်နဲ့ သတိပေးချက်နဲ့ သောက်သုံးကြရပါတယ်...
လူ့ခန္ဓာကိုယ်က သံမဏိနဲ့တည်ဆောက်ထားတာမဟုတ်လေတော့ ကျန်းမာရေးသာမန် ဖောက်ရုံလောက်နဲ့တင် အင်မတန်စိတ်ညစ်ကြရပါတယ်... အအေးမိလို့ နှာစေးနေရင်ကို အတော်စိတ်ကသိကအောက်နိုင်တာကို နှာစေးဖူးသူတိုင်း သိပါတယ်... အဲ လူတိုင်းလည်း နှာစေးဖူးကြမှာပါပဲ... ဆိုတော့ကာ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ပဲ စားချင်ရာစားမယ် လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ဝေဒနာတစ်ခုခု ခံစားရမှာဖြစ်လို့ ချစ်တဲ့သူကလည်း ကြားဝင် ခံစားပေးလို့မရနိုင် မိဘ ညီအစ်ကို မောင်နှမများကလည်း အစားဝင်ခံပေးလို့မရနိုင်တဲ့အတွက် လူတိုင်း ကျန်းမာရေးအသိ ကျန်းမာရေးသတိလေးတွေနဲ့ နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြပြီး လာဘ်ကြီးတစ်ပါးကို ပိုင်ဆိုင်နိုင်ကြပါစေ...
အားလုံးကို လေးစားလျှက် -