အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ကောင်းကျိုးတွေ ဘာကြောင့်ဖြစ်ထွန်းလာသလဲ?
မကောင်းကျိုးတွေကရော ဘာ့ကြောင့်ဖြစ်ထွန်းလာရသလဲ?
အဲဒါက မေးခွန်းက နှစ်မျိုးဆိုသော်လည်း အဖြေကတော့ တစ်ခုတည်းပဲဖြစ်မယ်ထင်ပါတယ်... သတ္တဝါတွေရဲ့ စိတ်ကြောင့် ကောင်းမှု မကောင်းမှုတွေ ဖြစ်ပေါ်လာရပါတယ်... ကောင်းတာကို ဖြစ်စေလိုတဲ့စေတနာကံကြောင့် ကောင်းကျိုးတွေဖြစ်ထွန်းလာရသလို မကောင်းတာကိုမှ ဖြစ်စေလိုတဲ့ စေတနာကံကြောင့်ပဲ မကောင်းကျိုးတွေ ဖြစ်လာရပါတယ်... ကျွန်တော်တို့ လက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒါကတော့ သဘာဝအမှန်တရားပဲဖြစ်ပါတယ်...
ကောင်းမှု မကောင်းမှု ပြောင်းပြန်လုပ်လာကြတဲ့ခေတ်ကာလကို ရောက်လို့နေပါပြီ... ဘာသာတရားများရဲ့ အဆုံးအမများကိုလည်း ကန့်လန့်တိုက် ဖီလာဆန့်ကျင်နေကြတဲ့ခေတ်ကာလ ဖြစ်လို့နေပါတယ်... ဒါက ဘာကိုပြနေသလဲဆိုရင် မကောင်းမှုတွေများတဲ့ လောကကြီးကို သတ္တဝါတွေက ဖန်တီးနေကြပြီဆိုတာကို ဖော်ညွှန်းပြဆိုနေတယ်လို့ပဲ မြင်မိပါတယ်...
မကြာမီကာလမှာပဲ မကောင်းမှုစေတနာကံတွေကြောင့် မကောင်းကျိုး တနည်းအားဖြင့်ဆိုရင် ဆိုးကျိုးတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်... အဲဒီဆိုးကျိုးတွေကို ဘယ်ဖန်တီးရှင် ဘယ်ဘုရားကမှ ဖန်တီးလိုက်ခြင်းမဟုတ်ပါဘူး... သတ္တဝါလောကကြီးမှာ ရှင်သန် နေထိုင်ကြတဲ့ သတ္တဝါတွေရဲ့ မကောင်းတဲ့စိတ် မကောင်းတဲ့စေတနာကံတွေကြောင့် ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်... စိတ်ဆိုသည်ကို ဘယ်လိုများ မြင်တွေ့နိုင်ကြပါမည်နည်း...
စိတ်ဆိုသည်မှာ လောကကြီးကို ဖန်တီးသည့် အရှင်သခင်ဖြစ်ပါတယ်... ကံဆိုသော စေတနာသည် ဖန်တီးထားသည့်အရာတို့ကို တည်ဆောက်ပေးနေသည့် အစေခံ အခိုင်းခံ လက်သမား ပန်ရံဆရာစသည်တို့ဖြစ်ပါတယ်... အရှင်သခင်က ဖန်တီးသည့်အရာကို ပုံပေါ်အောင် ပုံဖော်ဖန်တီးရသည်မှာ အစေခံ အခိုင်းခံတို့ရဲ့အလုပ်ဖြစ်ပါတယ်...
အရှင်သခင်က ပျော်ရွှင်ကြည်နူးစရာ နတ်ပြည်ကို အလိုရှိရင် အစေခံက ပျော်ရွှင်ကြည်နူးစရာ နတ်ပြည်ကိုဖန်တီးပေးမှာ ဖြစ်သလို ငရဲပြည်ကို အရှင်သခင်က အလိုရှိခဲ့ရင်လည်း အစေခံတွေက ငရဲပြည်ကို ပုံဖော်ဖန်တီးပေးကြပါလိမ့်မယ်... ယခုခေတ်ကာလ ကမ္ဘာအရပ်ရပ်မှာ နတ်ပြည်ကိုဖန်တီးမယ့် စိတ်ထားရှိသူနည်းပါးလာပြီး ငရဲပြည်ကို တောင့်တဖန်တီးနေကြတဲ့သူတွေ များလာနေပါပြီ...
ငရဲပြည်ကို ဖန်တီးသောစိတ်ဆိုတာ ဒီလိုစိတ်မျိုးပါတဲ့..."တစ်ဦးသောသူသည် တစ်ဦးသောသူကို နှိပ်စက် ညှင်းဆဲ၏။ ထိုအညှင်းဆဲခံရသူသည် မိမိကိုနှိပ်စက်ညှင်းဆဲတတ်သာ ထိုရန်သူကို ကြီးစွာသောဘေးဖြင့် နှိပ်စက်ခြင်းငှာ ကြီးစွာသောဘေးကို အလိုရှိသဖြင့် ဘေးတကာတို့တွင် အကြီးဆုံးဖြစ်သော ငရဲကို အလိုရှိသည်ပင်ဖြစ်၏။ ထို့ကြောင့် လောက၌ ငါမနိုင် နိုင်သူပေါ်ပါစေဟု ကြိမ်း၏။ မိမိရန်သူကို နှိပ်စက်ညှင်းဆဲနိုင်သူကို တောင့်တကြလေ၏။ ထို့ကြောင့် အနှိပ်စက် အညှင်းဆဲခံရသူတို့သည် ငရဲကို အလိုရှိကြကုန်၏။"
ကျွန်တော်တို့ကိုယ်တိုင်က ကောင်းကျိုးတွေကိုလိုလားကြသူတွေလား? မကောင်းကျိုး ဆိုးကျိုးတွေကို လိုလားကြသူတွေလား?ဆိုတာကို သိနိုင်ဖို့က အလွန်လွယ်ကူသွားပါပြီ... နတ်ပြည်ကို တောင့်တကြသူတွေလား? ငရဲကို အလိုရှိကြသူတွေလား?ဆိုတာကို အလွယ်တကူဆန်းစစ်နိုင်ကြပါလိမ့်မယ်... ကောင်းကျိုးမကောင်းကျိုးဆိုတာက ဘယ်သူတွေ ဖန်တီးနေကြတာလဲဆိုတာကိုလည်း ဆန်းစစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်... အမှန်တကယ် မညှာမတာ ဆန်းစစ်ဖို့တော့လိုမှာပေါ့...
အားလုံးကို လေးစားလျှက် -