အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဆိုကြပါသည်။ ထို့အတူ အသက်ရှည်ခြင်းသည်လည်း မင်္ဂလာတစ်ပါးလို့ ဆိုကြပါသည်။ ယနေ့ခေတ်ကာလတွင် ဖြစ်ခြင်း ပျက်ခြင်းတို့ အလွန်လျင်မြန်သော ကာလဖြစ်ပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ မကျန်းမမာဖြစ်ခြင်းကို လိုလားတောင့်တကြလိမ့်မည်မဟုတ်သကဲ့သို့ အသက်တိုပါစေလို့လည်း ဆုတောင်းကြလိမ့်မည်မဟုတ်ပါ။
ကျွန်တော်တို့ လူ့ဘဝကို ဖြတ်သန်းနေကြတဲ့သူတွေချည်းသာဖြစ်ပါသည်။ မိမိချစ်ခင်နှစ်သက်သောသူတွေ မိမိမချစ်ခင်မနှစ်သက်သောသူတွေ ချစ်လည်းမချစ် မုန်းလည်းမမုန်းသောသူတွေ မိမိရှေ့မှာပင် လူ့ဘဝလူ့လောကကြီးကို စွန့်ခွာသွားခဲ့ကြသည်ကို မြင်ဖူး ကြားဖူးကြတာ အကြိမ်အရေအတွက် မနည်းတော့ပါ။ ဒါပေမယ့် မိမိတို့ကိုယ်တိုင်ပင် ထိုလမ်းခရီးကို ဘယ်အချိန်မှာ ထွက်ခွာသွားရမလဲဆိုသည်ကိုတော့ မသိကျိုးကျွန်ပြုနေခဲ့ကြပါသည်။
ကျွန်တော်တို့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အားလုံးကိုစွန့်ခွာပြီး ထိုခရီးလမ်းကို ထွက်ခွာသွားကြရမည်မှာ လူတိုင်းအသိပင်ဖြစ်ပါသည်။ မသိကျိုးကျွန်ပြုနေသော်ငြားလည်း သေမင်းကတော့ သူ့အလုပ်သူလုပ်နေပါလိမ့်မည်။ ထိုခရီးလမ်းအတွက် ကျွန်တော်တို့အနေနဲ့ မည်သို့ ပြင်ဆင်ထားပြီးကြပါပြီလဲဆိုတဲ့မေးခွန်းကိုတော့ မိမိကိုယ်ကို ပြန်မေးထားသင့်ပါသည်။ ထိုခရီးကို မည်သည့်အချိန်တွင် ထွက်ခွာကြရသည်ဖြစ်စေ အသင့်ဖြစ်စေနိုင်သော လိုအပ်တဲ့အရာတွေ ပြင်ဆင်ထားသင့်ပါပြီ။
ထိုသို့ရေးသားသဖြင့် နိမိတ်မရှိဟုလည်း မယူဆစေလိုပါ။ နေ့စဉ် စားဝတ်နေရေးအတွက် လုံးပန်းနေရခြင်းက ထိုခရီးအတွက် လိုအပ်သောအရာ မဖြစ်နိုင်ပါ။ ကျွန်တော်တို့ ရှာဖွေစုဆောင်းထားသမျှ ဥစ္စာပစ္စည်းဆိုသည်များကိုလည်း ထိုခရီးတွင် ယူဆောင်သွား၍မရနိုင်ပါ။ ကျန်ရစ်သူ ဆွေမျိုးမိသားစုများသာ ဝေပုံကျ အချိုးကျခွဲဝေယူသွားကြမည်သာ ဖြစ်ပါသည်။ ထိုခရီးကိုထွက်ခွာသွားရပြီဖြစ်သောသူတို့ကိုမူ သတိတရဖြင့် မြည်တမ်းငိုကြွေးကောင်း ငိုကြွေးနေကြပေလိမ့်မည်။ ထိုသို့ငိုကြွေးမြည်တမ်းနေခြင်းသည် တမလွန်သို့ရောက်ကုန်ပြီဖြစ်သောသူတို့အတွက်မူ မည်သို့မျှ အကူအညီမဖြစ်စေနိုင်ပါ။
ထိုခရီးတွင် ကျွန်တော်တို့အနေဖြင့် လယ်ယာလုပ်ကိုင် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်နိုင်ခြင်းမရှိတော့ပါ။ သူတစ်ပါးဆီမှ ချေးငှားသုံးစွဲနိုင်ခြင်းလည်းမရှိနိုင်တော့ပါ။ ကျန်ရစ်သောပစ္စည်းများအား ခွဲဝေယူကြသော်လည်း တမလွန်သို့ရောက်ရှိသွားပြီဖြစ်သော သင့်အရိပ်ကိုပင် မြင်လိုစိတ်မရှိကြတော့ပါ။ ကြောက်လန့်ခြင်းဖြစ်စေမည်ဖြစ်သည့်အပြင် သင့်အိမ်အတွင်းသို့ပင် မဝင်ရောက်နိုင်စေရန် နည်းအမျိုးမျိုးဖြင့် တားမြစ်ကြပါလိမ့်မည်။
တမလွန်သို့ရောက်ရှိသွားပြီဖြစ်သောသူသည် အယူတိမ်းသွားသဖြင့် မကောင်းသောဘုံဘဝတွင် ရောက်ရှိနေမည်လား ဒုက္ခမျိုးစုံ ခံစားနေရမည်လားဆိုသော အတွေးကိုမူ ကျန်ရစ်သူ ဆွေမျိုးများ မိသားစုဝင်များအနေဖြင့် တွေးတောမိသူ ရှားမည်ဖြစ်ပါသည်။ ယခုရက်ပိုင်း လပိုင်းအတွင်းမှာပင် အသိမိတ်ဆွေအတော်များများပင် တမလွန်ဘဝသို့ရောက်ရှိကွယ်လွန်သွားခဲ့ကြပါသည်။ ကျန်ရစ်သူဆွေမျိုးမိသားစုများသည်လည်း ထုံးစံထက်ပိုပြီး မလုပ်ချင်ကြသည်ကို မြင်တွေ့ရပါသည်။
ကျွန်တော့်အနေဖြင့် ပြောလိုသည့်အဓိကအချက်မှာ မိမိတို့ကိုယ်တိုင် လုပ်ကိုင်နိုင်သော အခြေအနေရှိချိန်တွင် မမြင်နိုင်သော တမလွန်ခရီးမထွက်မီ ပြင်ဆင်သင့်သော ကုသိုလ်ကောင်းမှုများကို မိမိတို့တတ်အားသရွေ့ လုပ်ကိုင်ထားခြင်း၊ တရားနှင့်လျော်ညီစွာ နေထိုင်ခြင်းတို့ဖြင့် တမလွန်ခရီးသို့မထွက်မီ ကြိုတင်ကောင်းမှု ကြိုးစားပြုနိုင်ကြပါစေရန်ဖြစ်ပါသည်။ နောက်ရက်များတွင် အချိန်အားရပါက မြတ်စွာဗုဒ္ဓဟောကြားခဲ့သော တရားများမှ ပြိတ္တာများနှင့်ပတ်သက်သော အကြောင်းအရာတို့အား ရေးသားချင်ပါသေးသည်။
အားလုံးကို လေးစားလျှက် -