အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
စိတ်ကူးပေါက်လို့ တင်ခဲ့မိတဲ့ သဘာဝတရား နဲ့ လူသားတွေအကြောင်းကို ရေးတင်လိုက်မိတယ်... အဲဒီတော့ နောက်ဆက်တွဲတွေ ရေးချင်စိတ်ပေါက်လာပြန်တယ်... သဘာဝတရားကြီးမှာက ဒဏ်ရာ ဒဏ်ချက်တွေ အလွန်များပြားနေပြီဖြစ်ပါတယ်... ဒီတော့ ကျွန်တော်တို့ လူသားတွေနေတဲ့ ကမ္ဘာမြေကြီးဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုတာတွေ ချို့ယွင်းပျက်စီးယိုယွင်း နေပြီဖြစ်ပါတယ်...
ဒီတော့ အတတ်ဆန်းခဲ့ကြတဲ့ လူသားများအနေနဲ့ မှီခိုနေတဲ့ ကမ္ဘာမြေကြီးပျက်စီးခဲ့ရင်ဖြင့် ဒုက္ခရောက်ကြရတော့မှာကို သိမြင်လာကြပါတယ်... အဲဒါကြောင့် လူသားတွေဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖာထေးပြုပြင်ဖို့ ကြိုးစားလာကြပြန်ပါတယ်... ဒါပေမယ့် မေးစရာရှိလာတာက ပျက်စီးတာတွေကို ပြန်လည်ပြုပြင်ဖို့ လူသားတွေ တတ်နိုင်ပါ့မလား? လူသားတွေရဲ့ ကြိုးပမ်းမှုဟာ သဘာဝတရားကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို အကောင်းအတိုင်း ပြန်လည် ကုစားနိုင်ပါ့မလား?
ပြန်လည်မကုစားနိုင်ဘူးဆိုရင်တော့ ဒီထက်ပိုမိုများပြားတဲ့ သဘာဝဘေးအန္တရာယ်တွေအပြင် နောက်ထပ် နောက်ထပ် ဆိုးရွားတာတွေ ဖြစ်လာနိုင်စရာရှိပါတယ်... လူသားတွေရဲ့ အတ္တကြောင့် ဖြစ်ပေါ်လာတယ်လို့ ထင်ပါတယ်... သဘာဝတရားဟာ ပတ်ဝန်းကျင်နဲ့ သဟာဇာတ မမျှတတော့ပါဘူး... လူတို့ရဲ့ သီလလို့ခေါ်ဆိုရမယ့် ကိုယ်ကျင့်တရားတွေဟာ အပေါ်ယံရွှေမှုံကြဲအဆင့်လောက်ပဲ ကျန်ပါတော့တယ်...
မိမိတို့ အားကိုးမှီတွယ်နေထိုင်ကြရတဲ့ အိမ်ကိုမှ တန်ဖိုးမထားတတ်ရင် အိမ်မဲ့ ယာမဲ့ဘဝကို ရောက်သွားမှာ အသေအချာပါပဲ... လူသားတွေရဲ့ အတ္တကို မလျော့ချနိုင်သေးသရွေ့ ပျက်စီးခြင်းဆိုတာ နေရာအနှံ့ ကမ္ဘာအနှံ့ ဖြစ်ပေါ်နေအုံးမှာလည်း အမှန်ပဲဖြစ်ပါတယ်... ကမ္ဘာကိုသာမက အခြားသောအရာတို့ကို ပြန်လည် ကုစား ကယ်တင်ဖို့ဆိုရင်တော့ လူသားတွေရဲ့ အတ္တကို လျော့ချနိုင်မှသာ ဖြစ်နိုင်မယ်လို့ထင်ပါတယ်...
လူသားတွေရဲ့ အတ္တကို လျော့ချနိုင်ဖို့ဆိုရင် သီလလို့ဆိုတဲ့ ကိုယ်ကျင့်တရား အမှန်တကယ်ကောင်းအောင် ကြိုးစားမှပဲရမယ်လို့ ယူဆမိပါတယ်... ဒီတော့ကာ ကမ္ဘာမြေ သို့တည်းမဟုတ် သဘာဝပတ်ဝန်းကျင် သို့တည်းမဟုတ် သဘာဝတရားကြီးကို ဖျက်ဆီးခဲ့ကြတာ ဖျက်ဆီးနေကြတာ ဘယ်သူတွေလည်းလို့ တရားခံရှာကြည့်ရင် လူသားတွေပဲဖြစ်ပါတယ်...
ဖျက်ဆီးလို့ ပျက်စီးပြီးမှ ပြုပြင်တာက အကောင်းပတိ မဖြစ်နိုင်ပါ... မပျက်စီးခင် ထိန်းသိမ်းနိုင်မှ တော်ကာကြမယ်မဟုတ်လား... လက်တစ်ဖက်ပြတ်သွားလို့ နည်းပညာအကူအညီနဲ့ လက်တု ပြန်တတ်နိုင်သော်ငြားလည်း မူလရင်းမြစ် လက်အစစ်တော့ ပြန်မရနိုင်ပါ... မကောင်းမြင်သဘောဆိုးဖြင့်ရေးသားခြင်းမဟုတ်ပါ... အသိတရားဖြင့် ကိုယ်ကျင့်သီလများကို စောင့်ထိန်းနိုင်ကြပါရန်ဖြစ်ပါကြောင်း ရေးသားရင်း တစ်ခန်းရပ်လိုက်ပါတယ်...
အားလုံးကို လေးစားလျှက်-