အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ယနေ့အတွက်မူ ကျွန်ုပ်သည် ကြီးကျယ်သော စာများအား ကြီးကြီးကျယ်ကျယ် ရေးသားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ယနေ့ခေတ်ကာလက နည်းပညာခေတ်ကာလကြီးဖြစ်လာသည်နှင့်အညီ ယနေ့လူသားများသည် ရုပ်ဝတ္တုကို ဦးစားပေးဖြစ်လာကြပေသည်။ သဘာဝတရားအားလျစ်လျူရှုလာခဲ့ကြပေသည်။ ထိုသို့သဘာဝတရားကို လျစ်လျူရှုလာသောကြောင့် သဘာဝပတ်ဝန်းကျင်သည်လည်း ပျက်စီးယိုယွင်းလာခဲ့ရပေသည်။ ရုပ်ပိုင်းဆိုင်ရာများတိုးတက်လာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာတို့သည်လည်း ယိုယွင်းပျက်စီးလာခဲ့ပေပြီ။ မိမိတို့၏ ကြီးပွားချမ်းသာရေး ဇိမ်ကျကျနေထိုင်နိုင်ရေး ခေတ်မီပစ္စည်းများကို သုံးစွဲနိုင်ရေးကို အလုအယက်လုပ်ကိုင်လာကြပေသည်။
ထိုရုပ်ပိုင်းဆိုင်ရာပစ္စည်းတို့သည် လူ့ဘဝ၏ တိုးတက်ရာတိုးတက်ကြောင်းဖြစ်ပါသလားဆိုသည်ကိုတော့ မစဉ်းကြသည်ကများပါလိမ့်မည်။ လူအဖြစ်ကိုရောက်ရှိလာသည်မှာ အဘယ်အကြောင်းကို လုပ်ကိုင်ရန်အတွက်ဆိုသည်ကိုကား စဉ်းစားကြလိမ့်မည်မဟုတ်ကြပေ။ ရုပ်ပိုင်းဆိုင်ရာများကို ဦးစားပေးလာသောအခါ စိတ်ပိုင်းဆိုင်ရာများတွင် ထိခိုက်ပျက်စီးလာကြပါတော့သည်။ သို့သော် လူတို့သည် စိတ်ပိုင်းဆိုင်ရာများကို စိတ်ဝင်စားမှုနည်းပါးလာခြင်းကပင် လူတို့အား စိတ်ဆင်းရဲခြင်းကို ဖြစ်ပေါ်စေပါသည်။ စိတ်၏ ငြိမ်းချမ်းမှုကိုလည်းမရနိုင်တော့ပါ။ ငြိမ်းချမ်းမှုမရသောအခါ ပူလောင်မှုများဖြစ်စေပါတော့သည်။
စိတ်ချမ်းသာမှုကို ရှာကြံနေသည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာတို့အား လေ့လာသင့်လှပေသည်။ မိမိတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု လူနည်းစုတို့ စိတ်ချမ်းသာမှုအတွက် လူအများအား လိမ်လည်လှည့်စားခြင်းသည် မှားယွင်းသော ပြုလုပ်မှုတစ်ခုသာဖြစ်ပေမည်။ လူအချို့အား သို့တည်းမဟုတ် လူအများအား အမြဲတမ်းလိမ်လည်လှည့်စားနေရန် မဖြစ်နိုင်ပါ။ အမြဲထာဝရလိမ်နိုင်သူ ရှိမည်မဟုတ်ပါ။ ထိုသို့သော လိမ်လည်လှည့်စားတတ်သောသူတို့သည် လူ့ဘောင်လောကကြီးတစ်ခုလုံးကို ညစ်နွမ်းပျက်စီးစေပါသည်။ လိမ်စရာမရှိလျှင် ကိုယ့်ပေါင်ကိုလိမ်နေကြမည့်သူများဖြစ်ပေမည်။
ကိုယ် နှုတ် နှလုံး သုံးပါးစလုံးဖြင့် ယဉ်ကျေးရမည်ဖြစ်သော်လည်း ထိုသုံးပါးစလုံးဖြင့် မထီမဲ့မြင်ပြုလုပ်နေကြသူများသည် စိတ်အညစ်အကြေးများ ပိုမိုများပြားမည်ဖြစ်ပါသည်။ တရားသဖြင့် အသက်မွေးဝမ်းကြောင်းခြင်းကိုလည်း မပြုလုပ်လိုတော့ပေ။ ထိုအခါ မတရားသဖြင့် လုပ်ကိုင်ဆောင်ရွက်လာကြပေသည်။ ထိုကဲ့သို့သော လူများဖြင့် များပြားလာလေလေ လူ့လောကကြီး ပိုမို ညစ်နွမ်းလာလေလေ ဖြစ်ပေတော့မည်။ ထိုအရာများသည် မကြာမီအချိန်ကာလတွင် ဖြစ်လာဖွယ်ရာရှိသည်။ ယနေ့ကောင်းမှု ပြုလုပ်ခြင်းသည် အနာဂတ်ကောင်းမွန်ရန်အတွက် ဖြစ်သကဲ့သို့ ယနေ့ မကောင်းမှုပြုလုပ်လိုက်ခြင်းသည် အနာဂတ်ကို ဆိုးရွားစေပါနိုင်ပါသည်။
"သတ္တဝါတိုင်းတွင် မိမိပြုလုပ်သော ကောင်းမှု မကောင်းမှု သည်သာ ကိုယ်ပိုင် ဥစ္စာရှိကြပါသည်။"
အားလုံးကို လေးစားလျှက် -