အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ဘယ်အရာမဆို ယုံကြည်မှုက အရေးကြီးပါတယ်။ မယုံရင် မကြည်ဘူးလို့ပဲ ပြောရမှာပါ။ကျွန်တော်တို့လူသားတွေနေ့စဉ်လုပ်နေတဲ့အလုပ်က နှစ်မျိုးပဲဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဘာတွေလည်းဆိုတော့ ကောင်းမှုလို့ခေါ်ဆိုနိုင်တဲ့ သုစရိုက်အလုပ် နဲ့ မကောင်းမှုလို့ခေါ်ဆိုနိုင်မယ့် ဒုစရိုက်အလုပ် နှစ်မျိုးပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့လုပ်တဲ့အလုပ်တွေဟာ ကောင်းတာတွေရှိသလို တခါတရံမှာ မကောင်းတာတွေလည်းရှိပါလိမ့်မယ်။ အမြဲတမ်းတော့ ကောင်းတာတွေကိုပဲ လုပ်ဖြစ်နေကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ယုတ်မာတဲ့အလုပ်တွေကိုတော့ မလုပ်မိအောင် ကြိုးစားနေထိုင်ရပါတယ်။ မိုက်ချင်ရင်မိုက်လို့ရပေမယ့် ယုတ်မာတဲ့အလုပ်တော့မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
ကောင်းတဲ့အလုပ်တွေကိုရော မကောင်းတဲ့အလုပ်တွေရော သိရက်နဲ့လုပ်တာတွေရှိတာက အနည်းအကျဉ်းလောက်ပဲရှိမှာပါ။ မသိပဲ ရမ်းသမ်းလုပ်တဲ့အလုပ်တွေက ပိုများလိမ့်မယ်။ ဘဝတွေကို အဓိက အဆုံးအဖြတ်ပေးနေတာက ကိုယ်လုပ်တဲ့ အဲဒီ ကောင်းမှု နဲ့ မကောင်းမှုအလုပ်တွေကပဲ ဆုံးဖြတ်ပေးနေတာပဲဖြစ်ပါတယ်။ ကောင်းမှုတွေကို လုပ်နေပါရက်နဲ့ မကောင်းတာတွေပဲဖြစ်နေတယ်လို့ ထင်တတ်ကြပါတယ်။ ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် ချက်ချင်းလက်ငင်းတော့ အဲဒီ ကောင်းမှု မကောင်းမှုရဲ့အကျိုးတွေကို မခံစားရပဲနဲ့ အကြောင်းတိုက်ဆိုင်တဲ့အချိန်ကျမှသာ အကျိုးခံစားကြရတယ်လို့လည်း မြတ်စွာဗုဒ္ဓက ဟောကြားထားခဲ့ပြီးဖြစ်ပါတယ်။
ကျွန်တော်တို့လူသားတွေကို အဓိက ဒုက္ခပေးနေတာက အဘိဇ္ဈာ လို့ခေါ်ကြတဲ့ သူများပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းဖြစ်ချင်တတ်တဲ့စိတ် သူများပစ္စည်းကို မတရားသဖြင့်လိုချင်တဲ့စိတ် မကောင်းတဲ့ လောဘစိတ်တွေ၊ ဗျာပါဒလို့ခေါ်တဲ့ ငါနဲ့မတည့်တဲ့သူ ကိုယ်အမြင်မကြည်တဲ့သူ သေသွားရင်ကောင်းမယ်၊ ဒုက္ခရောက်သွားရင်ကောင်းမယ်၊ ပျက်စီးသွားရင်ကောင်းမယ် ဆိုတဲ့အတွေးစိတ်တွေ နဲ့ မိစ္ဆာဒိဌိလို့ခေါ်နိုင်တဲ့ မမှန်ကန်တဲ့အတွေးတွေဖြစ်တဲ့ ကံကံရဲ့အကျိုးဆိုတာ မရှိဘူး၊ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာကို လက်မခံဘူး၊ ဒီဘဝ နောက်ဘဝဆိုတာတွေကို လက်မခံဘူး၊ ဘဝတစ်ခုမှာ သေဆုံးပြီးရင် နောက်ဘဝတစ်ခုမှာ ပြန်ဖြစ်တယ်ဆိုတာကို မယုံဘူး၊ အဖေ အမေတို့ရဲ့ ကျေးဇူးတရားဆိုတာမရှိဘူး စတဲ့တွေးတောမှုတွေကြောင့် ဒုက္ခရောက်ပြီး ငရဲ တိရစ္ဆာန် ပြိတ္တာဆိုတဲ့ ဘုံဘဝတွေမှာ ခံစားသွားစေနိုင်တဲ့ စိတ်ဒုစရိုက် မကောင်းတဲ့စိတ်တွေပဲဖြစ်ပါတယ်။
အခုခေတ်ကာလကြီးမှာ အဲဒီလို ကျေးဇူးဆိုတာမရှိဘူးဆိုတဲ့လူငယ်တွေ အများအပြားတွေ့ရသလို သေခါနီး အဖိုးကြီး အဖွားကြီးတွေကိုတောင် တွေ့နေရပါတယ်။ အကယ်၍များ နောက်ဘဝဆိုတာကို ယုံကြည်ပြီး မကောင်းမှုတွေရှောင်ကြဉ်ပြီး ကောင်းမှုတွေကို လုပ်တဲ့အတွက် ဘာတွေများအပြစ်ဖြစ်နေမလဲ။ ကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့အတွက် ကောင်းတဲ့ပတ်ဝန်းကျင် ကောင်းတဲ့လူ့အသိုင်းအဝိုင်းမှာ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်မယ်မဟုတ်လား။ နောက်ဘဝဆိုတာ မရှိဘူးလို့ ယူဆပြီး နေထိုင််ခဲ့ရင်ကော ဘာတွေဖြစ်လာနိုင်သလဲဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။ နောက်ဘဝဆိုတာမရှိဘူးလို့တွေးလိုက်တာနဲ့ မကောင်းမှု ဒုစရိုက်တွေကို သေချာပေါက် လုပ်ကြတော့မှာ အမှန်ပဲဖြစ်ပါတယ်။ မှန်ကန်တဲ့ အမြင်နဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းစေချင်ပါတယ်။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -