ဆောင်း ။ ။
ဒီနှစ်ဆောင်းသည် အအေးပိုမည်ဟု ကြေငြာထားကြသည်။
အထူးသဖြင့် မြန်မာပြည် တောင်ပိုင်းဖြစ်သော အောက်ဖက်အရပ်ဒေသများတွင် ဆောင်းသည် ဆောင်းနှင့်တူအောင် အေးမြနေမည်ဖြစ်သည်။
ယခင်နှစ်များက ဒီဇင်ဘာသည် အေးမြလှသည်မဟုတ်ပေ။ ပုံမှန် ဆောင်း၏ အငွေ့အသက်ကလေးများသာ ရလေ့ရှိသည်။ သို့သော် ယခုနှစ် ဒီဇင်ဘာသည် ယခင်နှစ်များထက် အနည်းငယ် အအေးပိုကဲ သည်ဟု ဆိုနိုင်သည်။
အချို့သော နေ့များတွင် ညနေ ၆ နာရီလောက်ဆို အတော်လေး အေးနေပြီဖြစ်ပြီး ညနေ ၅နာရီ ကျော်လျင်ပင် နေမင်းကြီးသည် တောင်စွယ်တွင် မှေးတင် အိပ်ပျော်ချင်နေပြီဖြစ်သည်။
လာမယ့် ဇန်နဝါရီ ၊ ဖေဖော်ဝါရီလများတွင် ဆောင်းသည်ပိုမို အေးမြလာမည်ဟု ထင်မိသည်။ ကိစ္စမရှိ။ ကျနော်သည် အဆုတ်ကျန်းမာရေး မကောင်းလှသော်လည်း အအေးကို အင်မတန် ကြိုက်နှစ်သက်သူဖြစ်သည်။ ဆောင်းရာသီအေးအေး လေးတွင် ရေအေးအေးလေးချိုးပြီး စောင်ခြုံ အိပ်ရသည်ကို ကြိုက်နှစ်သက်သူဖြစ်သည်။
မနက်ခင်း မြူငွေ့များနှင့်အတူ ခံတွင်းမှ အပူငွေ့လေးများကို မှုတ်ထုတ် ဆော့ကစားရသည်ကိုလည်း ကြိုက်နှစ်သက်သည်။ ဤအရာကိုကား ကလေးဘ၀မှ ယခုထိ ဆော့ကစားနေဆဲ အလေ့အကျင့် တစ်ခုဖြစ်နေပေပြီ။
ပုံမှန်ဆို လူအများစုသည် ညနေခင်းတွင်သာ GYM သွား ၊ အားကစားလုပ် ဘောလုံးကန် ၊ ခြင်းခတ် ၊ လမ်းလျှောက် ပြုလုပ်သူ များပြားသည်။
ဆောင်းသည်ကား ထိုသို့မဟုတ်ချေ။ ။
ဆောင်းသည် လူအများစုကို မနက်ခင်းတွင် အစောကြီး နိုးထစေ၍ လမ်းလျှောက်ခြင်း ၊ အနှေးပြေးခြင်း ၊ နှင့် အပေါ့စား ကိုယ်လက် လှုပ်ရှားမှုများကို ပြုလုပ်စေသည်။ ဆောင်းသည် အေးမြသော ရာသီဥတုတွင် ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား လုပ်စေပြီး သွေးလည်ပတ်မှုကို နိုးထစေသည်။
ခန္ဓာကိုယ်ကို ပူနွေး ပေါ့ပါးလာစေဖို့ ဆောင်းသည် မနက်ခင်းတွင် ကိုယ်လက်ရှားမှုကို ပြုလုပ်စေသည်။ သို့မှသာ လူသည် လန်းလန်းဆန်းဆန်း ဖြစ်လာသည် မဟုတ်ပါလား။ မဟုတ်လျင် အိပ်ရာတွင် ခွေချင်သောစိတ်ကို ဖျောက်ဖျက် ဖို့ အင်မတန်ခက်သည်။
ဒီရက်ပိုင်းအနည်းငယ် တွင် မနက်ပိုင်း လမ်းလျှောက်ခြင်းနှင့် အနှေးပြေးခြင်းကို ပြုလုပ်ဖြစ်နေသည်။ မိမိ နေထိုင်ရာ နေရာမှတစ်ဆင့် တောင်ပေါ်တန်း တစ်လျှောက် အနှေးပြေးရင်း တောင်ပေါ် VIEW POINT တွင် ခရီးတထောက်နား ပြန်လာရသည်။ ကြာချိန် ၁နာရီခွဲ ခန့်သည် လုံလောက်သောအချိန်ဖြစ်ပါသည်။
သိသိသာသာပေါ့ပါးပြီး နေရထိုင်ရ ပိုမိုကောင်းလာပါသည်။ ယခင်ကတော့ အိပ်ရာမှ ထွက်ရခြင်းသည် ရှေ့တန်းထွက်ရသကဲ့သို့ပင် အင်မတန် လေးလေးပင်ပင် ရှိခဲ့ပေမယ့် အခုတော့ မနက်ပိုင်း လမ်းလျှောက်လိုက်လျှင် တနေကုန် ပေါ့ပါးနေတာမို့ အိပ်ရာထဖို့ပင် မပျင်း ဖြစ် ချင်တော့ပါ။