အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ရေးစရာ အကြောင်းအရာ အထွေအထူးလည်းမရှိတာမို့ လတ်တလော ဟော့ဖြစ်နေတဲ့ အကြောင်းအရာလေးပဲ ရေးဖြစ်ပါတယ်။ နိုင်ငံခြား သွားတဲ့ကိစ္စပါပဲ။ ဟုတ်ပါတယ်။
လက်ရှိမတည်ငြိမ် ဆိုးဝါးနေတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ ကြောင့် လူငယ်အများစုက နိုင်ငံခြား ကို သွားဖို့ ကြိုးစားနေကြပါတယ်။ ငွေကြေးဓန ပြည့်စုံပြီးသားသူတွေကလည်း နိုင်ငံရပ်ခြားမှာ အခြေချနိုင်ဖို့ ပြင်ဆင်နေကြသလို အခြေချနေတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။
လွန်ခဲ့တဲ့ရက်ကပဲ ရန်ကုန်မှာ နိုင်ငံခြားသွားဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီး fb မှာ တက်လာခဲ့သလို ဂျပန်စာမေးပွဲဖြေဖို့ Form ထုတ်နိုင်ဖို့ မနက်အစောကြီး ပြေးလွှားနေတဲ့ လူအုပ်ကြီးကိုလည်း fb မှာ တွေ့လိုက်ရပါတယ်။ ကျွန်တော်က ရန်ကုန်သားမဟုတ်တော့ ပြင်ပ ပကတိ လက်ရှိအခြေအနေ အားလုံးကိုတော့ တွေ့သိမြင်ခွင့်မရခဲ့ပါဘူး။ Fb မှာ တက်လာတာလေး ကြည့်ရင်း အခြေအနေ ကို ခန့်မှန်းမိရုံပါပဲ။
လူအတော်များများက ကိုယ့်နိုင်ငံကို စွန့်ခွာဖို့ကြိုးစားနေကြပါပြီ။မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ မိမိအတွက် လုံခြုံမှု မရှိခြင်းက နိုင်ငံကနေ ထွက်ခွာဖို့ လုံလောက်တဲ့ အကြောင်းပြချက်ပဲဖြစ်ပါတယ်။
အများစုကတော့ ဂျပန် ၊ စင်္ကာပူနဲ့ ထိုင်း လို နိုင်ငံမျိုးကိုရွေးချယ်ကြပြီး အချို့လည်း အနောက်ဥရောပအထိ ခြေဆန့်နိုင်ကြတာကိုတွေ့ရပါတယ်။
ကျွန်တော်အနေနဲ့လည်း ဒီရက်ပိုင်း သက်တူ ရွယ်တူ တွေ အများစု နိုင်ငံခြား သွားဖို့ စီစဥ်နေကြသလို အချို့လည်း ကြိုတင်ပြင်ဆင်နေကြပြီမို့ ရောဂါကူးစက်မှု ခံရတဲ့သူလိုပါပဲ။ သူများ သွားချင် ကိုယ်ပါသွားချင်နေတဲ့ရောဂါပါ။ သူများလို ဂျပန်မဟုတ်ပဲ စင်္ကာပူ သွားချင်နေတဲ့ ရောဂါတစ်ခုဖြစ်နေပါတယ်။
စင်္ကာပူကို သွားလို့ရတဲ့ နည်းလမ်းများ ၊ အလုပ်အကိုင်အခွင့်အလမ်းများ စုံစမ်း လေ့လာရင်း တစ်ဖက်ကလည်း အင်္ဂလိပ်စာ အတွက် ပြန်လည် ပြင်ဆင် နေရပါတယ်။အင်္ဂလိပ်စာရဲ့ မိီးကျိုး မောင်းပျက် စကေးတွေ တစ်စစီ ပြန်ဆက် ရမယ့် အခြေအနေပါပဲ။ ပြီးရင် ကိုယ့် carrier နဲ့လိုက်ဖက်မယ့်အလုပ်ကိုရှာရဖို့ကလည်း မလွယ်သေးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
အများစုကတော့ အဆင့်သင်ပြင်ထားပြီး ဖြစ်ပေမယ့် အခုမှ ရောဂါစတဲ့ ကျွန်တော့်အတွက်ကတော့ ဆရာ၀န်ရှာ ရင်း ဆေးရှာရင်း ဆိုတဲ့အခြေအနေလိုပါပဲ။ ဘယ်ချိန်မှာ ရောဂါ ပြန် သေမယ်တော့ မသိသေးပါဗျာ။ 😅။ အခုတော့ ရောဂါအစမို့ ယဥ်ယဥ်လေး ရူးလို့နေတဲ့ အရူးယဥ်လေး တစ်ယောက်ပါ ဖြစ်ပါကြောင်း။။
သန်းနိုင်စိုး