ကျွန်တော်တို့ အင်ဖက်ထိုးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ သူတွေမှာ ဝါး(Bamboo)က မပါလို့မဖြစ်တဲ့ ကုန်ကြမ်းပစ္စည်းတစ်ခုပါပဲ။ဒါကြောင့်မလို့ ကျွန်တော့်ရဲ့ဝါးရောင်းဝယ်ရေးတစ်ခုကို ဥပမာထားပြီး ပြောပြချင်ပါတယ်။
ဖထီးရဲ့ဝါးတောခြံက ကျွန်တော့်ရွာနဲ့ဆိုရင် တောင်ကုန်း (၅)လုံးကို ကျော်ဖြတ်ပြီးမှ ရောက်မှာ။လမ်းကတော့ အရင်ကထက်စာရင် တော်တော့်ကို ကောင်းလာပြီလို့ ပြောနိုင်ပါတယ်။အသိတစ်ယောက်ဆီက နွားနဲ့လှည်းကို ငှားပြီး ပေါ့ပေါ့ပါးပါးနဲ့ ကျွန်တော် ရွာကနေ ထွက်လာပါတယ်။တောင်ကုန်း (၅)လုံးကို လျောလျောလျူလျူနဲ့ ဖြတ်ကျော်ပြီး ဝါးတောက အလုံးကောင်းတဲ့ ဝါးလုံးတွေကို ရွေးပြီး ခုတ်လှဲပါရော။
(ဝါးတစ်လုံးကို ၃၀၀ ကျပ်နဲ့ ဖထီးက ဖောက်သည်ဈေးပေးပါတယ်။)
လှည်းပေါ်တင်နိုင်သလောက် ဝါးလုံးအရေအတွက်ကို တင်ကာ ကျသင့်ငွေရှင်းပြီး ရွာဆီသို့ပြန်လာပါရော။(တစ်လုံး ၅၀၀ ကျပ်နဲ့ ပြန်ရောင်းရင် လုပ်အားခနဲ့နွားလှည်းငှားရမ်းခ ပေးနိုင်တဲ့အပြင် အမြတ်လဲ ရမယ်လို့ တွေးပျော်ရင်းပေါ့ဗျာ။)
ခွေးဟောင်သံ၊မာန်ဖီသံတွေကြောင့် စိတ်ကူးထဲကနေ ရုန်းထွက်ကြည့်တော့ ပထမတောင်ကုန်းပေါ်မှာ ခွေးရိုင်းအုပ်တစ်အုပ် နွားကို ကိုက်ဆွဲတော့မလိုလို ၊နွားကလဲ ကြောက်အားလန့်အားနဲ့ လှည်းကို ဆွဲပြေးပါတော့တယ်။နွားကိုလည်းထိန်းရ ကိုယ့်ကိုယ်ကို မကျအောင်လဲထိန်းရနဲ့ တောင်ဆင်းလမ်းတစ်လျှောက် ကျွန်တော် တင်လာတဲ့ ဝါးလုံးတစ်ဝက် ကျကျန်ခဲ့ပါရော။
ဒုတိယတောင်ကုန်းပေါ် ရောက်ပြန်တော့လဲ ထိုနည်း၎င်းပဲဗျ။အရင်တုန်းက ခွေးရိုင်းအုပ်တွေရှိတယ်လို့ မကြားဖူးသလို တွေ့လဲမတွေ့ခဲ့ဖူးပါဘူး။ဒီခွေးအုပ် ဘယ်ကနေဘယ်လို ပေါ်လာပြီး ဘယ်လိုကြောင့် ရောက်ရှိနေကြတာပါလိမ့်။သေချာတာကတော့ နွားနှစ်ကောင်ရဲ့ အလန့်တကြားပြေးဆွဲမှုကြောင့် ကျန်ရှိတဲ့ ဝါးလုံးထဲက တစ်ဝက် ကျကျန်သွားပြန်ပြီ။
အဲလိုနဲ့ ကျွန်တော့်ခင်ဗျာ တောင်ကုန်းပေါ်ရောက်လိုက် ခွေးတွေကြောင့် နွားနှစ်ကောင်ကက ရုတ်ရင်းဆန်ခတ်ဖြစ်လိုက် ဝါးလုံးတစ်ဝက်ကျသွားလိုက်နဲ့ တောင်ကုန်း(၅)လုံးကိုဖြတ်ပြီး ရွာထိပ်ကိုရောက်တော့ ဖင်ခုထိုင်ထားတဲ့ ဝါးလုံးတစ်လုံးသာကျန်ပါတော့တယ်။
ဝါးလုံးဝယ်မယ့်သူတွေကလဲ အခန့်သင့်စောင့်နေတာ လှမ်းတွေ့နေရပြီ။
ကျွန်တော့်ဝယ်ဈေးက တစ်လုံး = ၃၀၀ ကျပ်
နွားနဲ့လှည်းငှားခ =၅၀၀၀ ကျပ်
ကျွန်တော့်လုပ်အားခ =၅၀၀၀ ကျပ်
ခွေးရိုင်းတစ်အုပ်ကြောင့် ကျွန်တော်တင်လာတဲ့ ဝါးလုံးများစွာက တစ်လုံးပဲကျန်တော့တယ်။ဒီတော့ ဒီဝါးလုံးတစ်လုံးကို ၅၀၀ ကျပ်နဲ့ပဲ ရောင်းလိုက်ရင်
အိမ်မှာ ထမင်းရည်တောင် သောက်နိုင်ပါဦးမလား။
*ဒီဝါးလုံးတစ်လုံးကို အမြတ်ကျန်အောင် ဘယ်လောက်ရောင်းရမလဲ ?
*ကျွန်တော် တင်ဆောင်လာတဲ့ ဝါးလုံးအရေအတွက်က ဘယ်နှစ်လုံးလဲ ?
*ဝါးအားလုံးရဲ့ ကျသင့်ငွေ ဘယ်လောက်ရှိလဲ ?
အဲဒီခွေးရိုင်းတစ်အုပ်ရဲ့ အနှောင့်အယှက်သာမရှိခဲ့ရင် ဝါးလုံးတစ်လုံးကို ၅၀၀ ကျပ်နဲ့ ဝယ်သူရော ရောင်းသူအတွက်ပါ သင့်လျော်တဲ့ဈေးနှုန်းနဲ့အဆင်ပြေကြပြီပေါ့ဗျာ။အခုဆိုရင်ခွေးရိုင်းနဲ့စတဲ့ပြဿနာကြောင့် နောက်ဆက်တွဲက အင်ဖက်တစ်ရာပျစ်ကို ၈၀၀၀ ကျပ်နဲ့ရောင်းလို့ ဘယ်ဖြစ်နိုင်တော့မလဲ။ ဈေးတင်ရောင်းရတော့မပေါ့။
ကျွန်တော် ဉာဏ်မီသလောက် အတွေးအမြင်လေးပါ။ကျနော့်ရဲ့ ဝါးလုံးအရေအတွက်ကို comment မှာ ပြောပြပေးကြပါဦး။
အားလုံးကိုအစဉ်လေးစားလျက်.......