ကျနော် အာလူးကြော် ကြိုက်၏။ အာလူးကြော်ကို ဒီအတိုင်း ချည်းချည်း သော်လည်းကောင်း၊ ထမင်းနှင့် သော်လည်းကောင်း၊ အမြည်း အဖြစ်နှင့် သော်လည်းကောင်း စားလေ့ ရှိ၏။ စားပုံစားနည်း အမျိုးမျိုးထဲမှာမှ အမြည်း အဖြစ် စားခြင်းက ပိုများပေလိမ့်မယ်။ ထိုသို့ ပြောသဖြင့် အားအားရှိ သောက်နေသည်ဟုလည်း မထင်မြင်စေလိုပင်။ ကြာကြာမှ တခါသာ သောက်လေ့ ရှိ၏။
ဆိုင်ရယ်လို့ ထိုင်ဖြစ်က အာလူးချောင်းကြော် မဖြစ်မနေ မှာလေ့ ရှိ၏။ ဘီယာဆိုင်ရယ်မှ မဟုတ် ကော်ဖီဆိုင် ထိုင်လျှင်လည်း အာလူးချောင်းကြော် မှာလေ့ ရှိ၏။ တကယ်တမ်းက အာလူးချောင်းကြော်ကား အခြားသော အရက်များထက် ဘီယာ အရက်နှင့် ပိုပြီး လိုက်ဖက်လေ့ ရှိ၏။
ဤနေရာ၌ အာလူးကြော် အထုပ်များထက် အာလူးချောင်းကြော်ကို ပိုပြီး ပြောပြလို၊ ပြောချင်၏။ အာလူးချောင်းကြော်တွေ တဆိုင်ပြီး တဆိုင်မှာ စားဖူးခဲ့ပေမယ့် လက်ရှိချိန်ထိ သဘောကျမိသည့် အာလူးကြော်က တော့ ရန်ကုန်မြို့ ဟယ်ရီဘားမှ အာလူးကြော် ဖြစ်၏။ အလူးကြော်ရယ်မှ မဟုတ် ဟယ်ရီဘားမှ ဟယ်ရီ ဘီယာကိုလည်း သဘောကျမိ၏။
ထိုစဥ်က ABC မသောက်သေးဘဲ မြန်မာ ဘီယာသောက်နေသည့် ကာလ ဖြစ်နေခဲ့သည်ကိုး။ ထို့ကြောင့် Stock မဟုတ်သော ဘီယာများအကြား ဟယ်ရီ ဘီယာက အကြိုက်တွေ့၊ ရွေးချယ်စရာ တခုလို ဖြစ်ခဲ့၏။ အရသာ ကောင်းသလို ထိုစဥ်က အခြား ဘီယာတွေ ထက်လည်း သူက စျေးကြီး၏။
ထိုစဥ်က ငွေဆောင်သွားဖို့ ရန်ကုန်သွားရင်းက အဆိုပါ ဟယ်ရီဘားမှာ သွားထိုင်ဖြစ်ခြင်း ဖြစ်၏။ လွန်ခဲ့သော သုံးနှစ်ကျော်၊ လေးနှစ်လောက်က ဖြစ်မည်။ မှတ်မိသလောက် ငွေဆောင်က အပြန် တောင်ကြီး မပြန်ခင် သူငယ်ချင်းတွေ ဆုံကြခြင်း ဖြစ်၏။ ညနေကားစီးမည် ဖြစ်ပြီး၊ နေ့လည်ခင်း ဟယ်ရီဘားမှာ ထိုင်ခြင်း ဖြစ်၏။ မြန်မာ ပလာဇာက ဟယ်ရီဘား ဖြစ်၏။ ခု နာမည် ကြီးနေသည့် ဘောမ ပလာဇာပေါ့။ ဟယ်ရီဘား page လည်း comments ပိတ်ထားသည် ထင်၏။ မြန်မာ ပလာဇာမှာပဲ ဆိုင်ကို ဆက်ဖွင့်ထားသဖြင့် လူအများ ဝိုင်းပြောသည့်ဒဏ်ကို မခံနိုင်ခြင်း ဖြစ်မည်။
ထိုစဥ်က သောက်ခဲ့ စားခဲ့ရသည့် ဘီယာနှင့် အာလူးချောင်းကြော်၏ အရသာကို ခုထိ မမေ့သေးပေ။ တောင်ကြီးက ဆိုင်တွေ၏ အာလူးချောင်းကြော်များသည်လည်း သူ့ဟာနဲ့သူ ကောင်းကြပါ၏။ သို့သော်လည်း လက်ရှိ စားဖူးသမျှထဲမှာတော့ ဟယ်ရီဘားက အာလူးချောင်းကြော်ကို ခံတွင်းတွေ့မိလေ၏။
တိုင်းပြည် တည်ငြိမ်သွားလို့ ရန်ကုန် သွားဖြစ်လျှင်တော့ ကိုဟင်ကြီးကို ခေါ်ပြီး သွားထိုင်ပါဦးမည်။ မြန်မာပလာဇာက ဆိုင်မှာ မဟုတ်ဘဲ အခြား ဆိုင်ခွဲ တခုမှာ ဖြစ်ဖြစ်ပေါ့။ ဟယ်ရီဘား boycott စာရင်းထဲ မပါသွားဖို့တော့ မျှော်လင့်မိပါ၏။