သွေးလှူ ဖြစ်သွားသည့် အကြောင်းတွေ ပြောဖြစ်တော့ သွေးလှူရင်း ကြုံခဲ့သည့် အလွဲလေးတွေ သွားသတိရမိ၏။ အလွဲလေးတွေလည်း ပါသလို အမှတ်တရတွေကောပေါ့။ စလှူ ကတည်းက ခုချိန်ထိ လူနာရှင်က ကျေးဇူး တင်သည့် အနေဖြင့် ပြန်ပေးသည့် ပဲနို့၊ ဖျော်ရည်၊ ကြက်ဥ အားဖြည့်စာ အစရှိသည်တို့ကို ဘယ်တော့မှ အိမ် ပြန် မယူသွားပေ။ အဆိုပါ ဆေးရုံမှာ ရှိသည့် အခြား လူနာတွေကိုသာ ပြန်လှူ ပေးခဲ့လေ့ ရှိ၏။ တခါတလေ လူနာရှင်တွေ စိတ်ချမ်းသာအောင် သူတို့ရှေ့မှာတင် သူတို့ လှူသည့် ဖျော်ရည်လေး တဗူးတလေ လောက် ဖြစ်ဖြစ် ဖောက်သောက်ပေးရတာမျိုးလည်း ရှိ၏။
သွေးလှူခဲ့သည့် အကြိမ်တွေထဲမှာ စိတ်မကောင်း ဖြစ်ရဆုံးနဲ့ အမှတ်တရ အရှိဆုံး အကြိမ်လေး တကြိမ် ရှိ၏။ လှူဖို့ သွားပေမယ့် မလှူ လိုက်ရသည့် အကြိမ်လေးပေါ့။ ဆေးရုံ ရောက်ပြီး သွေးတွေ ဘာတွေ စစ်ပြီး သွေးဖောက်ဖို့လည်း ပြင်ဆင်ထားပြီး ဖြစ်၏။ ထိုအချိန်မှာ nurse မလေးက သွေးဘဏ်ခန်းသို့ ရောက်လာပြီး သွေးဖောက်ဖို့ မလိုတော့ကြောင်း၊ သွေးလက်ခံမည့် လူနာရှင်က အစောလေးကတင် ဆုံးပါးသွားကြောင်းပေါ့။ စိတ်မကောင်း စရာပင်။ သွေးလှူတိုင်း အမြဲ ပီတိဖြစ် ဝမ်းသာရပေမယ့် ထိုတကြိမ်ကတော့ ချွင်းချက်ပေါ့လေ။
မဖောက်တော့ပဲ ပစ္စည်းတွေ ပြန်သိမ်းဖို့ ပြင်နေသည့် ဆရာမကို ကျနော်က ဆရာမ တခြား လူနာ မရှိဘူးလားဗျ။ ရှိရင် တခြား လူနာ အတွက် ကျနော့် သွေး ယူထားလိုက်ပါဟု ပြောလိုက်မှ ပစ္စည်းတွေ ပြန်ချပြီး ဖောက်ဖြစ်သွား၏။ အစိုးရ ဆေးရုံ ဆိုတော့ သွေးလိုအပ်ချက်က ပိုများပေလိမ့်မယ်။ သွေးကတော့ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း လိုတာပါပဲလေ။ သွေးလှူရှင် အသင်း၊ အဖွဲ့လေးတွေ ရှိလာ ပေါ်လာ များလာလို့သာ တော်သေး၏။ ဒါပေမယ့် ဒါတောင် တခါတလေ သွေးက လိုသည့် အချိန် မရတာမျိုးတွေနဲ့ ကြုံရတာမျိုးလည်း ရှိတတ်သေး၏။
သွေးက လေးလမှ တကြိမ် လှူလို့ရ၏။ ခြောက်လနေမှ တကြိမ်ကတော့ ပိုကောင်း၏။ နေ့တိုင်း ရော့အင့်ဆိုပြီး ဖောက်ထုတ်လို့ မရပေ။ တခါတလေ သွေးလှူရှင် အသင်းက ph ဆက်လာချိန် ကိုယ်ကလည်း လမပြည့်သေးချိန်တွေနဲ့ ဆုံနေတာမျိုးလည်း ရှိတတ်၏။ ထိုသို့ ဖြစ်က နီးစပ်ရာ သူငယ်ချင်း အသိတွေကို လှမ်းမေး လှမ်းပြောရတော့၏။ တခါတလေ ရှားရှားပါးပါး တဖွဲ့လုံး လမပြည့်သေးတာနဲ့ ကြုံနေတာမျိုးလည်း ရှိတတ်သေး၏။ ထိုအခါမျိုးကြ သွေးလှူရှင် အသင်း အနေဖြင့် အခြား သူငယ်ချင်း အစုအဖွဲ့တွေကို ဆက်သွယ် ရတော့၏။ အဆိုပါ အသင်း အဖွဲ့တွေ အနေဖြင့်လည်း လှူနေကြ လူတော်တော်များများ၏ ph no တွေကို ယူထားရလေ့ ရှိ၏။
ကျနော်တို့ သူငယ်ချင်းတွေက အသင်းတော့ မဝင်ထားပေ။ ဘယ်သူ လိုလို ဘယ်အဖွဲ့ လိုလို လှူကြ၏။ မိမိ သွေးဖြင့် တပါးသူ၏ အသက် သို့မဟုတ် အခြေအနေ အားဖြင့် ပိုမို ကောင်းမွန် သက်သာသွားစေသည့် ကိစ္စက တွေးကြည့်ရုံနဲ့ပင် ကြည်နူးရ၏။
ပထမဆုံးအကြိမ်တုန်းကတော့ သွေးဖောက်ချိန်က နာရီဝက် မိနစ် နှစ်ဆယ်လောက်ထိ ကြာ၏။ နောက်ပိုင်းမှာတော့ ဆယ်မိနစ်လောက်သာ ကြာတော့၏။ ဒါပေမယ့် ဆယ်ကြိမ်မြောက်မှာတော့ သွေးကြော ရှာမရ၊ စမ်းမရသည့် ပြဿနာနဲ့ စပြီး ကြုံရတော့၏။
ဆက်ပါဦးမည်