ခုတလော ဆိုင်ကယ်တွေ ပျောက်လွန်းလှ၏။ ရဲတွေက ရဲ အလုပ် မလုပ်ပေမယ့် သူခိုးတွေက သူခိုး အလုပ်ကို သေချာ လုပ်ကြ၏။ နဂို ရှိရင်းစွဲ မရဲတင်းသည့် သူခိုးတွေလည်း ခုချိန်မှာတော့ ပိုမို ရဲတင်းလို့ လာကြ၏။ ခိုးတာတင်ပဲလား ဆိုတော့ မဟုတ်၊ လုယက်မှုတွေလည်း ရှိလာနေခဲ့ပြီ ဖြစ်၏။ ယခင်က ကြားလေ့ ကြားထ မရှိသည့် အရာများက ခုဆိုရင် ကျိုကြား ကျိုကြား မကြာခဏ ကြားလာနေရပြီ ဖြစ်၏။ လူတွေလည်း ခက်ခဲ လာကြပြီ မဟုတ်လား။
အူမတောင့်မှ သီလ စောင့်မယ် ဆိုသည့် စကားလိုပေါ့။ ကြပ်တည်းထက် ကြပ်တည်းလာတော့ ကြံမိကြံရာ လုပ်မိ လုပ်ရာတွေ လုပ်လာကြပြီ။ ပြည်သူတွေမှာ စခနဲ့ နောက်လိုက် အပေါင်းအပါတွေကိုလည်း ကြောက်ရ၊ ပြီး ခုလို ခိုးဆိုးလုယက်နေသူတွေကိုလည်း ကြောက်ရနဲ့။ ဒီကြားထဲ ကုန်စျေးနှုန်းတွေကပါ အစမတန် တက်လာခဲ့တော့ ကျီးလန့်စာ စားနေရသည့် အဖြစ်ထက်ပင် ဆိုးလို့ လာနေခဲ့ပြီ ဖြစ်၏။
နေ့ချင်းညချင်း မိမိဝင်ငွေ တန်ဖိုးက ကျဆင်းသွားတော့၏။ ဝင်ငွေက မလျော့သွားပေ ထို့အတူ တိုးလည်း မတိုးလာပေ။ သို့ပေမယ့် ကုန်စျေးနှုန်းက တက်သွားတော့ မိမိ ဝင်ငွေက အလိုလိုနေရင်း သိမ်ငယ်စရာလေး ဖြစ်သွား ခဲ့ရ၏။ ကြင်စိုးကား အတော် ဒုက္ခ ပေးသူပင်။ တိုင်းပြည်က တဖြည်းဖြည်း ဆုတ်ယုတ်လို့ သွားပြီ ဖြစ်၏။ နဂိုကမှ အစစ အရာရာ နောက်ကျခဲ့ရသည့် အခြေအနေပါဆိုမှ ခုတော့... ။
ယခင် ပြည်သူ့ အစိုးရ လက်ထက်မှာ အရာရာဟာ အကောင်းဖက်သို့ ဦးတည်နေခဲ့ပြီ ဖြစ်၏။ နောက်သက်တမ်းကိုပါ ထပ်မံ ရရှိလိုက်တော့ ပြည်သူတွေမှာ ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ပေါ့။ ပြည်သူ့ အစိုးရ စစ်စစ် ရပြီဟ၊ ဖွဲ့နိုင်ပြီဟနဲ့ပေါ့။ ဘယ်ပြည်သူမှ မရွေးပေးထားသည့် အစိတ်သား (အဆိပ်သား) တွေကို ဖယ်ထုတ်လို့ရပြီ။ အစိုးရ တရပ် ကောင်းကောင်း ဖွဲ့နိုင်ပြီပေါ့။ အဲ့ဒီမှာတင် ကြင်စိုးနဲ့ အပေါင်းအပါ အာဏာရူး တသိုက်က တတိုင်းပြည်လုံး ဗြောင်းဆန်အောင် လုပ်ထည့် လိုက်လေတော့၏။
သူတို့ကား တိုင်းပြည်ကို ဘယ်တုန်းကမှ ကောင်းကျိုး မပေးခဲ့ပေ။ ဆိုးကျိုးနဲ့ ဒုက္ခများကိုသာ ထပ်ကာထပ်ကာ ပေးလေတော့၏။ ငဗစ် အလွန်ကာလမှာ ကုန်းရုန်း ထတော့မည့် ပြည်သူတွေမှာ ရင်ဝ စောင့်ကန်ခံလိုက်ရသည့် အလားပင်။ ရက်စက်ကြပါပေ့ ယုတ်မာကြပါပေ့။
တိုင်းပြည်က အိမ်နီးချင်း သီရိလင်္ကါလို ဖြစ်ချေပြီထင်။ ဒါပေမယ့် မတူတာရှိ၏။ ပြိုဆင်းနေသည့် စီးပွားရေးအရသာ တူရင် တူမည် ကျန်နေရာတွေမှာတော့ မတူပေ။ သူတို့ဆီမှာလိုသာ စစ်တပ်က ဘေးဖယ်နေပေးလိုက်လျင် ရပြီ။ ကျန်တာတွေကို ပြည်သူနဲ့ ပြည်သူ့ အစိုးရက လုပ်သွားလိုက်ရုံလေးသာ။ အောက်ခြေ စကစ အဖွဲ့ဝင်တွေ အနေဖြင့် စကစကို သေနတ်ပြောင်းဝ ပြန်လးမလှည့်နိုင်လျှင်တောင် ပြည်သူကို ချိန်ထားသည့် သေနတ်ပြောင်းလေးကို ရုတ်သိမ်း ပေးလိုက်ရုံလေး လုပ်ပေးလျှင်ကို ရနေပြီ မဟုတ်လား။