ဒီနေ့ မနက်မှာတော့ အိပ်ရာက ခပ်စောစော နှိုးခံရ၏။ ခပ်စောစော ဆိုလို့ ကိုယ့် အတွက်သာ စောတာပါလေ။ သူများတွေ အတွက်က နောက်တောင်ကျနေမယ်ထင်၏။ ၁၀ နာရီလောက်မှ အိပ်ရာထတတ်သူအဖို့ မနက်ခင်း ၇ နာရီ အိပ်ရယနှိုးခံရခြင်းက စောသည်ဟု ပြောလို့ရမည် ထင်၏။ အမေက ဆွမ်းလောင်းခိုင်းမလို့ နှိုးခြင်း ဖြစ်၏။
ယခင်ကလည်း လပြည့်၊ လကွယ်နေ့တွေဆို အမေက ဆွမ်းလောင်းခိုင်းလေ့ ရှိ၏။ ကြားရက်တွေတော့ အမေက ကိုယ်တိုင်သာ လောင်းလှူလေ့ ရှိ၏။ ခုနောက်ပိုင်းက ကျနော့် အမငယ် ပြန်လာပြီ ဖြစ်သဖြင့် လပြည့် လကွယ်နေ့တွေမှာ အမက ဆွမ်းလောင်းလှူဖြစ်လေ့ ရှိသဖြင့် ကျနော် မထဖြစ်၊ ထစရာ မလိုပေ။
ကုသိုလ်လိုက အစော အိပ်ရာ ထလိုက်ရုံလေးပင်။ ဒါပေမယ့် သိကြသည့် အတိုင်း ကျနော့် အိပ်ရာဝင်ချိန်နဲ့ဆို မနက်ခင်း အစောထနိုင်ဖို့က မလွယ်ပေ။ တရက်တလေ ဆိုလျှင်တော့ ဘာမှ မဖြစ်ပေမယ့် ရေရှည် အမြဲ ဆိုက အဆင်မပြေနိုင်ပေ။ ထို့ပြင် အစောကလည်း မအိပ်တတ်သဖြင့် နံနက်ခင်း ရမည့် ကုသိုလ်လေးကိုကား လက်လွှတ် လိုက်ရလေတော့၏။
လပြည့် လကွယ် မဟုတ်ဘဲ အစောထခိုင်းခြင်းက အကြောင်း ရှိ၏။ ဒီနေ့က ကျနော့် မွေးနေ့ ဖြစ်ချေ၏။ မနေ့ညက အမက ကျနော့် မွေးနေ့မှာ ဆွမ်းလောင်းလှူရန်နှင့် အိမ်ရှိလူများ စားရန်ဆိုပြီး ရေစိမ်သုပ် လုပ်ပေးထား၏။ ကျနော်လည်း အိပ်ချင်မူးတူးနဲ့ထကာ ဆွမ်းလောင်းခြင်း အမှုကို ပြု၏။ မေတ္တာပို့၊ ပွား၏။
အသက်က တနှစ် ထပ်ကြီး ပြန်လေပြီ။ အသက်လေး အထိုက်အလျောက် ရလာတော့ (ကြီးကြီး ကျယ်ကျယ် နဲ့) အတွေး အမြင်တွေလည်း ပြောင်းလဲလို့ လာခဲ့တော့၏။ ငဗစ်နဲ့ ငစစ်ကာလ အတွင်း သိမြင်ခံစားခဲ့ရသည့် အတွေးအမြင်တွေကတော့ ဘဝတဆစ်ချိုးအသိအမြင်များဟုပင် ပြောရမလောက်အောင်ပင်။
ဘာမှ မမြဲ ဘာမှ မသေချာသည့် ဘဝကြီးကို ကောင်းကောင်းကြီး မြင်ခဲ့ရ၏။ အိပ်မက်တွေနောက်လိုက်ရင်းနဲ့ မောပန်း ပင်ပန်းခဲ့ရ၏။ ဒါပေမယ့် ဒီစကားက ကျနော့် အတွက် မမှန်နေပြန်ပေ။ ကျနော်က comfort zone ထဲမှာပဲ တဝဲလည်နေခဲ့တော့ မောပန်း ရတာမျိုးတော့ မရှိလှပေ။ သေချာတာ တခုကတော့ ယခင် မွေးနေ့၊ ယခင် နေ့ရက်တွေကထက်စာလျှင် ကိုယ်တိုင် သိမြင်သွားမှုတွေကတော့ ပိုမိုပြီး များလာခဲ့ပြီ ဖြစ်၏။
ပတ်ဝန်းကျင်ကို အကျိုး မပြုနိုင်တောင် မထိခိုက်စေဖို့၊ ပျော်ပျော်ရွှင်ရွှင်နေဖို့၊ ကိုယ့်ပျော်ရွှင်မှုက တပါးသူကို အနှောင့်အယှက် မဖြစ်စေဖို့ နဲ့ ကျနော် ရောက်ရှိနေထိုင်သွားသေးကြောင်း ကမ္ဘာ လောကကြီးကို မှတ်မိသွားစေချင်သေး၏။
အားလုံးပဲ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။