ဒီနေ့ မနက် ၁ နာရီခွဲမှာတော့ Europa League final ပွဲစဉ် အဖြစ် Freiburg vs Aston Villa အသင်းတို့ ကစားခဲ့၏။ Bundesliga ကတော့ ရာသီ သိမ်းသွားခဲ့ပြီ ဖြစ်၏။ EPL ကတော့ ပွဲစဉ် ၁ ပွဲ ကျန်နေပါသေး၏။ Bundesliga ပြီးဆုံးချိန်မှာ Freiburg အနေနဲ့ ရမှတ် ၄၇ မှတ်၊ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့၏။ လာမယ့်ရာသီ Conference League ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်၏။ အကယ်လို့ Aston Villa ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ရင်တော့ လာမယ့် ရာသီ UCL ဝင်ခွင့်ရမည် ဖြစ်၏။
Aston Villa အနေနဲ့ ပွဲစဥ် ၃၇ အပြီးမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေ၏။ ပွဲစဉ် ၃၈ မှာ ရှုံးခဲ့မယ်ဆိုရင်တောင် UCL ဝင်ခွင့်က ရထားပြီ ဖြစ်၏။ ၂ သင်းလုံးက Europa League မှာ မျက်နှာသစ် အသင်းတွေ ဖြစ်၏။ Freiburg အနေဖြင့် ဥရောပ အောင်မြင်မှု မရှိထားပေမဲ့ Aston Villa ကတော့ ၁၉၈၁/၈၂ မှာ UCL ချန်ပီယံ ဖြစ်ခဲ့ဖူး၏။ ၄၄ နှစ်အကြာမှာ ဥရောပပြိုင်ပွဲတခု၏ ဗိုလ်လုပွဲစဉ်သို့ သူတို့ တဖန် ပြန်လည်လို့ ရောက်ရှိလာခဲ့၏။
ဗိုလ်လုပွဲ ပီပီ ပွဲက အကြိတ်အနယ် ရှိလှ၏။ ဘောလုံးပိုင်ဆိုင်မှု အနေနဲ့ သိပ်မကွာပေမဲ့ ဂိုးပေါက် ချိန်းခြောက်မှုနဲ့ ဂိုးရနိုင်ခြေတွေမှာတော့ Aston Villa က ပိုသာ၏။ ပထမပိုင်း ၄၁ မိနစ်မှာ Aston Villa တို့ ဦးဆောင်ဂိုး စတင် ရရှိ၏။ Tielemans ၏ လှပသည့် အဝေးကန်ချက်ဖြင့် ဦးဆောင်ဂိုးကို ဖွင့်လှစ် လိုက်၏။ ၄၅+၃ မိနစ်မှာ Buendia က ဒုတိယဦးဆောင်ဂိုး ထပ်မံ သွင်းယူ၏။
ပထမပိုင်းကို Aston Villa တို့က ၀-၂ ဖြင့် ဦးဆောင်ထား၏။ ဒုတိယပိုင်းမှာ Freiburg အနေနဲ့ ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ဖို့ ကြိုးစားပေမဲ့ ဂိုး ထပ်ရသွားတာကတော့ Aston Villa ဖြစ်၏။ ၅၈ မိနစ်မှာ Rogers က တတိယဦးဆောင်ဂိုးကို သွင်းယူ၏။ ပွဲက ပြီးသလောက် ရှိသွားခဲ့လေ၏။ Freiburg အနေဖြင့် ပြန်လာဖို့ မဖြစ်နိုင်တော့ပေ။ လက်ကျန် မိနစ်တွေမှာ Aston Villa က ပွဲကို ထိန်းပြီး ကစားသွားခဲ့လေ၏။
Arsenal နည်းပြ ဘဝမှာတုန်းက လောက်လောက်လားလား အောင်မြင်မှုတွေ ချမပြနိုင်ခဲ့ပေမဲ့ EPL တကျော့ပြန် Aston Villa အသင်းနဲ့ Europa League ဖလားကို သိမ်းပိုက် နိုင်ခဲ့လေ၏။ Unai Emery အနေဖြင့် Europa League နဲ့ အတော်လေး လမိုင်းကပ်သည့် နည်းပြဟု ဆိုရပေလိမ့်မည်။ Villarreal နဲ့ တကြိမ်၊ Sevilla နဲ့ သုံးကြိမ် သုံးကြိမ်ကိုမှ သုံးနှစ်ဆက်တိုက်၊ ခု Aston Villa နဲ့ တကြိမ် ဗိုလ်စွဲထားပြီ ဖြစ်၏။
(photos from Europa League Page)