ပြီးခဲ့သော တပတ်က ဒီရက် ဒီအချိန်မှာ Europa League final ပွဲစဉ် ကစားခဲ့၏။ Freiburg ကို Aston Villa က ၀-၃ ဖြင့် အနိုင်ယူပြီး ဗိုလ်စွဲ ခဲ့၏။ ဒီနေ့ ဒီအချိန်မှာ Crystal Palace က Rayo Vallecano ကို ၁-၀ ဖြင့် အနိုင်ရပြီး Conference League မှာ ဗိုလ်စွဲ လေ၏။ La Liga မှာ အဆင့် ၈ နေရာဖြင့် ရာသီသိမ်း ထားသည့် Rayo Vallecano ၏ ပထမဆုံး European ဗိုလ်လုပွဲဟုလည်း ပြောလို့ရမည် ဖြစ်၏။
Rayo Vallecano အတွက်တင် မဟုတ် Crystal Palace အတွက်လည်း ပထမဆုံး European ဗိုလ်လုပွဲ ဖြစ်ချေ၏။ နောက်ပိုင်း နှစ်တွေမှာ Crystal Palace တို့ ဖလားကိုင်ခွင့် အတော်ရလာသည်ဟု ပြောရပေလိမ့်မည်။ ၂၀၂၄/၂၅ မှာ FA Cup ရတယ်။ ၂၀၂၅/၂၆ ရာသီ အစမှာ Community Shield ရတယ်။ ခု ၂၀၂၅/၂၆ ရာသီ အပိတ်မှာတော့ Conference League ပါ ထပ်ရသွားခဲ့လေ၏။
Crystal Palace ရဲ့ အောင်မြင်မှုတွေ အကြောင်း ပြောရင် နည်းပြ Oliver Glasner ကို ချန်ထားလို့ မရပေ။ သူ့လက်ထက်မှာ အဆိုပါ ဖလား ၃ ခုလုံး ရယူနိုင်ခဲ့သည် မဟုတ်လား။ ၂၀၂၄ မှာ Crystal Palace က စတင် ကိုင်တွယ်ခဲ့ပြီး ၂ နှစ်အတွင်းမှာ ဆုဖလား အောင်မြင်မှု ရယူပေးထားခဲ့သည် မဟုတ်လား။
ဒီရာသီမှာ အဆင့် ၁၅ နဲ့သာ ရာသီသိမ်းထားသည်မို့ Crystal Palace အနေဖြင့် လာမယ့်ရာသီ European ပြိုင်ပွဲတွေ ဝင်ရောက် ကစားခွင့်က မသေချာနေခဲ့ပေ။ ဒါပေမဲ့ ခု Conference League မှာ ဗိုလ်စွဲပြီး လာမယ့် ရာသီ Europa League ဝင်ရောက် ကစားခွင့်ကို သူတို့ ရရှိသွားခဲ့လေ၏။
တကယ်ဆို မနှစ် ကတည်းက သူတို့ Europa League ကစားရမှာ ဖြစ်၏။ အသင်းပိုင်ရှင်၏ သူပိုင် အခြားအသင်းကို ဦးစားပေးလိုက်ရသည့် ကိစ္စရပ်တွေကြောင့် FA Cup မှာ ဗိုလ်စွဲခဲ့ပေမဲ့ Crystal Palace တို့ Europa League အစား Conference League ပဲ ကစားခွင့်ရခဲ့၏။ ဘယ်မှာပဲ ကစား ခဲ့ရပါစေ၊ ခုတော့ ချန်ပီယံ ဖြစ်ခဲ့ပြီ မလား။ မနှစ်က လွဲချော်ခဲ့ရသည့် Europa League ကို ဒီနှစ် Conference League မှာ ဗိုလ်စွဲပြပြီး လာမယ့်နှစ်မှာတော့ သူတို့ ဝင်ရောက် ကစားခွင့် ရသွားခဲ့လေပြီ။
(photos from UEFA Europa League Page)