EPL Round 31 ရဲ့ လက်ကျန် ပွဲစဉ် အချို့ ဆက်လက် ကစားကြပါတယ်။ New Castle vs Sunderland ပွဲစဉ်မှာတော့ ဧည့်သည် Sunderland အသင်းက ၁-၂ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် Sunderland အနေဖြင့် ၄၃ မှတ်နဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းလာပြီး New Castle ကတော့ ၄၂ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ Aston Villa vs West Ham ပွဲစဉ်မှာတော့ အိမ်ရှင် Aston Villa က ၂-၀ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။
UCL ဝင်ခွင့် vs တန်းဆင်းဇုန် လွတ်မြောက်ရေး ယှဉ်ပြိုင်ကြသည့် ပွဲမှာ UCL ဝင်ခွင့်သမားက အသာရသွားခဲ့ပါတယ်။ အနီးကပ် ဖိအားပေးနေတဲ့ Liverpool, Chelsea တို့ရဲ့ ရှုံးနိမ့်မှုကို Aston Villa တို့ ကောင်းစွာ အသုံးချသွားနိုင်ခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၅ က Liverpool ကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ West Ham အနေနဲ့ ယခု ရှုံးပွဲကြောင့် တန်းဆင်းဇုန်မှာပဲ ဆက်လက် ရပ်တည်နေပါတယ်။
Tottenham vs Nottm Forest ပွဲစဉ်မှာတော့ ဧည့်သည် Nottm Forest က ၀-၃ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အိမ်ရှင် Tottenham အတွက် တကယ်ကို စိတ်ပျက် စရာပါ။ West Ham အသင်းက Aston Villa ကို ရှုံးနိမ့်သွားလို့သာပါ။ နို့ဆိုရင် Tottenham တို့ တန်းဆင်းဇုန်ထဲ ရောက်ပါပြီ။ ခုလည်း West Ham နဲ့ ၁ မှတ်သာ ကွာတဲ့ အနေအထားမှာ ရှိနေပါတယ်။
December မှာ Crystal Palace ကို ၀-၁ ဖြင့် နိုင်ခဲ့တဲ့ ပွဲက သူတို့ရဲ့ EPL နောက်ဆုံး နိုင်ပွဲပါပဲ။ ၂၀၂၆ ထဲ EPL မှာ ၁ ပွဲမှ အနိုင်မရသေးပါဘူး။ အရှုံး၊ သရေ အစရှိတဲ့ ရလဒ်တွေပဲ ရရှိနေခဲ့တာပါ။ ၁၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာပါ။ တော်တော်ကို ဆိုးရွားနေပါပြီ။ မနှစ်က Europa ချန်ပီယံ အနေနဲ့ ခုလိုကြီး ရလဒ်တွေ ဆိုးရွားနေတာ တကယ်ကို လက်မခံနိုင်စရာပါ။ လက်ကျန် ပွဲစဉ်တွေကို သေချာ အာရုံစိုက်မှသာ EPL မှာ တင်ကျန်မယ့် အခွင့်အရေး ရနိုင်မှာ ဖြစ်ပါတယ်။
EFL ဗိုလ်လုပွဲမှာတော့ Man City က Arsenal ကို ၀-၂ ဖြင့် အနိုင်ရ ဗိုလ်စွဲ သွားခဲ့ပါတယ်။ ပွဲက အကြိတ်အနယ်ရှိလှပါတယ်။ ပထမပိုင်းမှာ ဘယ်သူ့ ဘယ်သူကမှ ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ ဒုတိယပိုင်း ရောက်မှသာ Man City က ဂိုးတွေ သွင်းယူသွားခဲ့တာပါ။ ဒီတကြိမ် ဆရာနဲ့ တပည့် ဆုံတဲ့ပွဲမှာ ဆရာက အနိုင်ယူသွားခဲ့ပါတယ်။ ဆာအဲလက်စ်နဲ့ အာဆင်ဝင်းဂါးတို့ လက်ထက်တုန်းက EFL Cup ကို အသင်းကြီးတွေက သိပ်အလေးမထားကြပါဘူး။ သို့ပေမဲ့ နောက်ပိုင်း ဖလား လိုအပ်ချက်တွေကြောင့် အသင်းကြီးတွေက အစ EFL ဖလားကို အာရုံစိုက်လာခဲ့ကြပါတယ်။ Arsenal အားသာတဲ့ ထောင့်ကန်ဘော၊ အလွတ်တည်ကန်ဘောတွေကို City တို့ အကောင်းဆုံး ခုခံ ကစားပြီး အနိုင်ယူပြ သွားခဲ့ပါတယ်။ EFL မှာ Arsenal ကို ဒုတိယလူ ဖြစ်စေခဲ့ပါပြီ။ Arsenal အနေနဲ့ ဖလား ၁ လုံး လက်လွှတ်ပေးလိုက်ရပါပြီ။
(photos from Premier League Page)