ပုံမှန် အားဖြင့် ဒီဇင်ဘာကား ကျနော်၏ ခရီးသွား လ ဖြစ်၏။ အခြား လတွေထက်စာရင် ဒီဇင်ဘာမှာ ပိုပြီး ခရီးထွက် ဖြစ်လေ့ ရှိ၏။ တမင် ဒီဇင်ဘာမှ ခရီးထွက်ဖို့ လုပ်ခြင်း မဟုတ်ပေ။ ဒီအတိုင်း ဒီဇင်ဘာ ရောက်ပြီ ဆိုသည်နှင့် သူ့ အလိုလို ခရီးထွက်ဖို့ ဖြစ်သွား၊ ဖြစ်လာလေ့ ရှိ၏။ ကျနော်က မဖန်တီးဘဲ တစုံတရာက ဒီဇင်ဘာမှာ မင်း ခရီးသွားရမယ် ဆိုပြီး ဖန်တီး ပေးထားသည်ဟုပင် ထင်မှတ် မိ၏။
ယခုတော့ ဒီဇင် မဘာနိုင်တာ ကြာပြီ။ ကြာဆို 2019 ကတည်းကကိုး။ ဒါတောင် 2019 က Trekking လေး ဘာလေး သွားလိုက်ရသေးတယ်။ မြန်မာကိုက covid က 2020 မတ် လလောက်မှ ရောက်လာခဲ့သည်ကိုး။ ထို Trekking လေးသာ သွားလိုက်ရပြီး ဘယ်မှ ထပ်မသွားရတော့ပေ။ ငဗစ်ပြီး ပြန်တော့ ငစစ်က လာပြန်သဖြင့် ငုတ်တုတ်ထပ်မေ့ရပြန်၏။
New Year တိုင်း Trekking သွားနေကြကို၊ ခု မသွားရတာ နှစ် နှစ်ဆက်တိုက် ဖြစ်သွားခဲ့ပြီ ဖြစ်၏။ New Year မှာ Trekking သွားခဲ့တာ 2016 (2017 နှစ်ကူး) ကစပြီး တော်လျှောက် ၄ နှစ် ဆက်တိုက် သွားဖြစ်၏။ ငဗစ်နဲ့ ငစစ်သာ မနှောင့်ယှက်ခဲ့က ဒီနှစ်နဲ့ဆို ၆ နှစ် (၆ ကြိမ်) ဆက်တက် သွားရမည် ဖြစ်၏။ မအလ ကြင်စိုးတို့ တသိုက် အာဏာရူးတာနဲ့ လူအများရဲ့ ဘဝတွေ အကုန် ကမောက်ကမနှင့် ဒုက္ခ ရောက်ကြရ၏။
2022_2023 အကူးမှာတော့ Trekking သွားနိုင် ကောင်းပါရဲ့။ တော်လှန်ရေးပြီးလို့ ငဗစ်လည်း မရှိတော့ဘူး ဆိုရင် ခရီး ပြန်ထွက်လို၏။ အပျော်ခရီးတော့ မဟုတ်။ စစ်ဘေးဒဏ် သင့်ခဲ့တဲ့ ဒေသတွေ သွားပြီး ကိုယ် နိုင်သလောက် တတက်တအား ကူညီလိုခြင်း ဖြစ်၏။ ကျနော်တို့မှာ ကျနော်တို့ ရှိကြောင်း နွေဦးတော်လှန်ရေးက သက်သေပြခဲ့ပြီး ဖြစ်၏။
မေတ္တာ အကြင်နာ အဟာရ ပညာ အစရှိသဖြင့် နိုင်သလောက်၊ သိသလောက် ကူညီလိုလှ၏။ လဲကျနေရာကနေ ထရမည် ဖြစ်သဖြင့် ကမ်းလင့်ပေးမယ့်၊ လှမ်းဆွဲထူပေးမယ့် လက်တွေ လို၏။ ကိုယ့်ကို ကုန်းရုံးထရခြင်းထက်စာရင် ဖေးကူပေးမှုက ပိုပြီး ခရီးရောက် မြန်နိုင်၏။ ကုန်လွန်ခဲ့သည့် အချိန်များ ပြန်မရနိုင်ဘူး ဆိုပေမယ့် အရာရာ နောက်ကျ ခဲ့ရသမျှကို အမှီပြန်လိုက်နိုင်ဖို့ လို၏။
ပြာပုံကနေ ပြန်ထရမယ့် နိုင်ငံ မလား။ အတူတူ တော်လှန်ခဲ့ပြီးပြီမို့ အတူတူ ပြန်ကာ ကုန်းရုန်း ထကြရအောင်လား။