FA Cup ဗိုလ်လုပွဲစဉ်မှာတော့ City က Chelsea ကို ၀-၁ ဖြင့် အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့၏။ City အတွက် ၁ လုံးထဲသော အနိုင်ဂိုးကို Semenyo က ၇၂ မိနစ်မှာ သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။ City တို့ အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးပေါက် ချိန်းခြောက်မှု အသာတို့နှင့် ကစားသွားခဲ့၏။ EFL Carabao Cup ပြီးနောက် FA Cup ကိုပါ City တို့ ထပ်မံ ပိုင်ဆိုင်ခွင့် ရသွားခဲ့ပြီ ဖြစ်၏။ Chelsea အနေဖြင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရလေတော့၏။
Bundesliga ကတော့ မနေ့က ရာသီပိတ် နောက်ဆုံး ပွဲစဉ်များ ကစားသွားခဲ့၏။ ၁၈ သင်းကိုမှ ၃၄ ပွဲသာ ကစားရသည်မို့ တခြား လိဂ်တွေထက် အနည်းငယ် စောပြီးသည့် သဘော ရှိ၏။ ချန်ပီယံကတော့ ထုံးစံအတိုင်း Bayern Munchen ပါပဲ။ ၈၉ မှတ်ဖြင့် ဒုတိယနေရာကို Dortmund ကို ၁၆ မှတ်ထိ ဖြတ်ထားပြီး ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်၏။ ဂျာမန်မှာတော့ Bayern Munchen ၏ ကြီးစိုးမှုကို ဖောက်ထွက်ပြနိုင်သည့်အသင်းက အတော်လေး နည်းလှ၏။ တချို့ နှစ်တွေမှသာ တခါတလေ လုပ်ပြနိုင်ကြ၏။
မနေ့က Ronaldo ၏ Al Nassr အသင်း AFC Champion League 2 ဗိုလ်လုပွဲ ကစား၏။ ဂျပန် ကလပ်အသင်း Gamba Osaka နဲ့ ယှဉ်ပြိုင်ကစားရခြင်း ဖြစ်၏။ Al Nassr တို့ ၀-၁ ဖြင့် ရှုံးနိမ့်သွားခဲ့၏။ ပွဲချိန် ပြည့်နီးပါး Al Nassr တို့ ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဖိကစားနိုင်ခဲ့၏။ ဂိုးပေါက် ချိန်းခြောက်မှုတွေလည်း ပိုများခဲ့၏။ သို့ပေမဲ့ ဦးဆောင်ဂိုးကိုတော့ ၁ ပွဲလုံး ဂိုးပေါက် ချိန်းခြောက်ခွင့် ၃ ကြိမ်သာ ရပြီး ၁ ကြိမ်သာ ဂိုးပေါက်တည့်သည့် Gamba Osaka အသင်းက ပွဲချိန် ၃၀ မိနစ်မှာ ရယူသွားခဲ့၏။
ဂိုးကံခေနေလို့ ဆိုတာထက် Al Nassr အသင်း ကိုယ်၌ကကို လိုအပ်နေခြင်း ဖြစ်၏။ ဒီအသင်း ကြည့်ရတာ ဘာလိုလို့ လိုနေမှန်းကို မသိပေ။ ပြိုင်ဘက်က ကောင်းလွန်းနေတာ မဟုတ်ဘဲ Al Nassr ကကို အမှားတွေ၊ လွဲချော်မှုတွေ၊ မသေချာမှုတွေနဲ့ ကစားသွားခဲ့ခြင်း ဖြစ်၏။ ဘောလုံး ပိုင်ဆိုင်မှု များသာ များပြီး ဘာမှ မထူးခြားခဲ့ပေ။ Ronaldo အတွက်တော့ စိတ်မကောင်းပေ။ မနေ့က သူ ခြေစွမ်း မပြနိုင်ပေ။
ဒီနေ့မှာတော့ EPL ပွဲတွေ ပြန်ကြည့်ရမည် ဖြစ်၏။ ၆ ပွဲ ရှိ၏။ ည ၆ နာရီမှာ Man United vs Nottm Forest တို့၏ ပွဲစဉ် ရှိ၏။ တန်းဆင်းဇုန် ဖိအား မရှိတော့တဲ့ Nottm Forest အနေဖြင့် တအား ဖိအားပေး ကစားသွားဖို့ မရှိပေ။ United အနေဖြင့်ကလည်း UCL ဝင်ခွင့် သေချာသွားပြီပေါ့ ပေါ့ပေါ့ပါးပါးသာ ကစားသွားဖို့ များနေ၏။ ထိုသို့ ကစားလို့လည်း ပြီးခဲ့တဲ့ တပတ်မှာ Sunderland နဲ့ ဂိုးမရှိ သရေကျခဲ့တာပေါ့။ ဒီနေ့ပွဲတော့ နိုင်မယ် ထင်ပါရဲ့။
(photos from FA Cup & Al Nassr pages)