ဘဝမှာ ကိုယ့်ကို မွေးပေးခဲ့တဲ့ အမေ အပြင် အမေဟု တလေးတစားနဲ့ ခေါ်ပြီး ချစ်ခင်မိသည့် အမျိုးသမီးကြီး တဦးရှိလေ၏။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အမေစု ဖြစ်ချေ၏။ အမေစုနဲ့ တချိန်တခါမှ အပြင်မှာ မဆုံခဲ့ဖူးသေးချေ။ ကိုယ်တွေ့ချင်တိုင်း တွေ့ခွင့်ရသည့် ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး မလား။ TV သတင်း၊ Social media & စာအုပ်၊ ဆောင်းပါး တွေကနေ တဆင့်သာ သိမြင်ခွင့်ရခဲ့ခြင်း ဖြစ်၏။
ကျနော် တယောက်ထဲ အမေစုကို ကိုယ့်အမေလို တလေးတစားခံစား ခေါ်ဆိုခြင်း မဟုတ်ပေ။ ကျနော်တို့နိုင်ငံက နိုင်ငံသူ နိုင်ငံသား အများစု၊ လူမျိုးမရွေး၊ ဘာသာမရွေးက အမေစုဟု တလေးတစား ခေါ်ဆိုလေ့ ရှိကြ၏။ ယနေ့ကား သူမ၏ အသက် ၈၀ ပြည့် မွေးနေ့ ဖြစ်ချေ၏။
ဒီတနှစ်မွေးနေ့မှာတော့ မွေးနေ့ အမှတ်တရ ကမ်ပိန်းလေး လုပ်ကြ၏။ အဖွဲ့အစည်းတခု၏ ဦးဆောင်မှုနှင့်အတူ အမေစု၏ အသက် ၈၀ ပြည့် မွေးနေ့ အတွက် မွေးနေ့ဆုတောင်း ၈၀၀၀၀ ဖြင့် ဂရင်းနစ် စံချိန်တင်ရန် ဖြစ်၏။ အမေ့ကို ချစ်တဲ့ အမေ့သား သမီးများ အပြင် နိုင်ငံတကာကပါ ဝိုင်းပြီး ဆုမွန်ကောင်း တောင်းပေးကြသဖြင့် အမေစုရဲ့ မွေးနေ့မတိုင်မီ ရက်မှာပင် သတ်မှတ် အရေအတွက်ကို ပြည့်မှီ ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ အင်မတန်မှကို ဝမ်းသာ ဂုဏ်ယူ စရာပင်။ ပျော်လည်းပျော် ပီတိလည်း ဖြစ်ရပါ၏။
အမစု နှင့်အတူ မတရားချုပ်နှောင် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဝိုင်းဝန်း ဆုတောင်း မေတ္တာ ပို့သကြ၏။ ဗုဒ္ဓဘာသာအလိုအရတော့ ဆုတောင်းတိုင်း မဖြစ်၊ မပြည့်နိုင် ဘူး ဆိုပေမယ့် အမေစု ပြောဖူးတဲ့ စကားလေးလို စိတ်စေတနာနဲ့ မေတ္တာထား ဆုတောင်းပေးတာမို့ အမေစု အတွက် အကျိုးတစုံတခုတော့ ထူးမှာအမှန်ပေ။
အချုပ်အနှောင်မှာ အမြန်ဆုံး လွတ်မြောက်ကာ သား၊ မြေးတွေနဲ့ နွေးထွေးတဲ့ မိသားစုဘဝလေး အမေစုကို ခံစားစေချင်မိ၏။ ကျနော်တို့ ပြည်သူ ပြည်သားတွေ အတွက်ပဲ အမေစုမှာ အချိန်ပေး အချိန်ကုန်ခဲ့ရပြီ မဟုတ်လား။ တိုင်းသူ ပြည်သားတို့၏ ဒီမိုကရေစီ ဉာဏ်မျက်စိကို ဖွင့်ပေးနိုင်ခဲ့ပြီးပြီမို့ အမေ အနားယူပါ အမေ့ရဲ့ သားသမီးတွေက အမေဖြစ်စေချင်သည့် နိုင်ငံဖြစ်အောင် အတူတကွ လုပ်ဆောင် သွားကြမှာပါလေ။