မကြာမီ premier league ပြိုင်ပွဲများ ပြန်လည် စတင်တော့မည် ဖြစ်၏။ covid ရှိနေပေမယ့်လည်း ပြိုင်ပွဲတွေကတော့ စတင်မည် ဖြစ်၏။ ဂျာမန်နှင့် ပြင်သစ်လိဂ်ပွဲတွေကတော့ အရင် စနေပြီ ဖြစ်၏။ premier league ကတော့ လာမည့် တပတ်ထဲမှ စတင်မည် ဖြစ်၏။ ဘောလုံးပွဲတွေ ပြန်စမည် ဆိုတော့ ဘောလုံးပွဲ ကြည့်လို ကြည့်ချင်သည့် ရောဂါကလည်း တဖန် ပြန်လည် စတင်လာပြီ ဖြစ်၏။ ခက်တာက covid အနှီ covid ကြောင့် ယခင်လို လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်မှာ တဝုန်းဝုန်း တရုန်းရုန်းနှင့် ကြည့်လို့ မရတော့ပေ။
အိမ်မှာတင် ကြည့်ပေါ့ ဆိုပေမယ့် ကျနော့် အိမ်မှာက Skynet မရှိပေ။ အဓိကက သူ့ လစဉ်ကြေးကြောင့် မတပ်ဆင်ထားခြင်း ဖြစ်၏။ လစဉ်ကြေးက ကျနော့် လက်ရှိ ဝင်ငွေနှင့် ချိန်ထိုး ကြည့်မည် ဆိုပါက အဆင်မပြေပေ။ ယခင် ဝင်ငွေ အဆင်ပြေနေတုန်းကလည်း မတပ်ဆင်ခဲ့ပေ။ ဘာကြောင့်ရယ် မဟုတ် အပြင်မှာပဲ ပိုပြီး အကြည့်များလေ့ ရှိသဖြင့် မတပ်ဆင် ဖြစ်ခဲ့ခြင်းပင်။ ဘောလုံးပွဲ ဆိုသည့် အမျိုးကလည်း လူအများနှင့် ကြည့်မှ ပိုပြီး ကောင်း၊ ပိုပြီး အရသာ ရှိသည် မဟုတ်လား။
ဆိုတော့ကာ ရှာရ ဖွေရ ကြံရပြီ။ ခုတလော ခေတ်စားလာသည့် IPTV ကို သွားတွေ့မိ၏။ နိုင်ငံ တကာမှာတော့ တော်တော်လေး တွင်ကျယ်နေပြီး ဖြစ်ပေမယ့် ကျနော်တို့ ဆီမှာတော့ သိပ်အသုံးမများသေးပေ။ အဓိကက internet line ကြောင့် ဖြစ်၏။ phone bill နှင့် ကြည့်လို့ ရပေမယ့် data ဖိုးနင့် မွဲသွားနိုင်၏။ wifi intenet တပ်ဆင်ထားသည့် သူမှသာ အဆင်ပြေပေလိမ့်မည်။ တင်ထားပြီးရောနှင့်လည်း မဖြစ်ပြန်သေးပေ။ 2 MB လောက်ပဲ ရှိသည့် wifi နှင့်ဆို ထစ်နေနိုင်၏။
ထို့ကြောင့်ပင် အဆိုပါ IPTV အကြောင်းကို သိရှိ၊ တွေ့ရှိ ခဲ့ပေမယ့် ခဏစောင့်နေခဲ့ရခြင်း ဖြစ်၏။ ကျနော့် wifi က 2 MB ထဲကိုး။ တနေ့က wifi ကို 10 MB တိုးပြီးမှပဲ အဆိုပါ IPTV ဖက်သို့ လှည့်ဖြစ်တော့၏။ အဓိကက ဘောလုံးပွဲ ဖြစ်၏။ ဘောလုံးပွဲကြောင့်ပဲ အဆိုပါ IPTV ကို ရှာဖွေ စပ်စုမိခြင်း ဖြစ်၏။ သူက ဘောလုံးပွဲ အပြင် အခြား လိုင်းပေါင်း များစွာလည်း ရ၏။ ဘယ်လောက်ပင် လိုင်းများများ ကျနော်တို့၏ အဓိက ဦးတည်ချက်က ဘောလုံးပွဲ ဖြစ်၏။ ဘောလုံးပွဲ ကြည့်ရလျှင် ရပြီ။
Online ပေါ်မှာ IPTV ရောင်းချသူ အများကြီး ရှိ၏။ သူ့ဈေးနှင့်သူ သူ့ service နှင့်သူ။ သူ့ဟာနှင့်သူတော့ ကောင်းကြ အဆင်ပြေကြ၏။ ကျနော်လည်း နာမည်ရှိ page တခုက recommend ပေးထားသည့် အကိုတယောက်နား ဆက်သွယ်ပြီး ဝယ်ယူလိုက်၏။ သူက လစဉ်ကြေးနှင့် ဖြစ်၏။ တလ (၂၀၀၀) ကျပ်၊ သုံးလ (၅၀၀၀) ကျပ် ဖြစ်၏။ ခုက promotion ကာလ ဖြစ်သဖြင့် တလကို (၁၀၀၀) နှင့် ရ၏။ တန်လိုက်သည် ဖြစ်ခြင်း။ သို့နှင့် ဝယ်လိုက်တော့၏။ ပြီး စမ်းကြည့်၏။ အဆင်ပြေ၏။ လောလုံးပွဲတွေ လာလို့ကတော့ သာသာယာယာလေး ငြိမ့်နေလို့ ရပြီ ဖြစ်၏။