စာရေးဖို့ ပျင်းနေ၏။ ဒါနဲ့ပဲ ပိုစ့်တင်ဖို့တောင် နောက်ကျသွား၏။ ခုတလော ယခင်လို မဟုတ် ပျင်းနေ အကျင့် ပျက်နေ၏။ ယခင်က တရက်စာ မက သုံးလေးငါးရက်စာ စာကြိုရေးထားပေမယ့် ယခု ထိုသို့ မရေး ဖြစ်တာ ကြာပြီ။ ပြောရလျှင် laptop ကို windows ဖြုတ်ချပြီး ကတည်းက ဖြစ်၏။ phone နဲ့ ချည်း စာရိုက်နေရတာ ရေရှည်မှာတော့ သိပ် အဆင်မပြေပေ။ မြင်ကွင်းကျယ်ကျယ်ကို ကြိုက်သူ အဖို့ phone screen က အားမရလှပေ။ မြင်ကွင်းသာမက စာရိုက်ရသည့် လက်ကွက်လေးတွေလည်း သေးသည် မဟုတ်လား။
Ubuntu မှာ မြန်မြန် Zawgyi သွင်းရမယ်။ (ခုထိ ubuntu မှာ Zawgyi font မသွင်းရသေးပေ) ကျနော် မည်မျှ အပျင်းထူနေသနည်း။ မရမက ကုတ်ကပ်ပြီး phone နှင့် စာရိုက်၏။ ပြီး phone နှင့် ဂိမ်းဆော့၏။ ပြောရလျှင် phone နှင့်သာ အချိန်ကုန်နေတာ များ၏။ ဒါကြောင့်ပဲ အမေ ပြောပြောနေတာ ဖြစ်မယ်။ မင်း phone နဲ့ပဲ အချိန်ကုန်နေ ဆိုပြီး။ အင်းလေ ဘယ်မှလဲ သွားမရ လာမရ အိမ်မှာပဲ နေနေရတော့ လုပ်စရာကလည်း ဒါပဲ ရှိသည်ကိုး။
ခုတလော တောင်ကြီးမှာ ပိုးတွေ့မှုက တစခန်း ပြန်ထလာ၏။ အတော်လေးငြိမ်၊ အတော်လေး ကြာသွားရာမှ အသံ ပြန်ထွက်လာခြင်း ဖြစ်။ ယဥ်ထိန်းရဲနှင့် ဆက်စပ် မိသားစုဝင်တွေထဲကနေ ပိုးတွေ့ရှိသူ (၂၂) ပေါ်လာခြင်း ဖြစ်၏။ အနံပျောက်သူ ရှိလို့ စစ်ဆေး ကြည့်ရာမှ သိရှိရခြင်း ဖြစ်၏။ silent carrier တွေ ဘယ်လောက်များ ရှိနေပြနည်း။ ဒီအတိုင်းဆို အတော်လေး သတိထားရတော့မည်။ အဆိုပါ ယဥ်ထိန်းရဲများနှင့် ထိတွေ့ ဆက်ဆံမှု ရှိခဲ့သူ (contact person) များကိုလည်း ရှာဖွေ ဆက်သွယ် စစ်ဆေးနေပြီ ဖြစ်၏။ covid က တကယ်ကို ဆိုးလှ၏။
ပိုးတွေ့ရှိမှု များလာသော်လည်း လူတွေ၏ စိတ်ပူပန်မှုက အရင်လို မဟုတ်တော့ပေ။ စိတ်ပူပန်မှု မရှိတာ ကောင်းပေမယ့် သတိမရှိတာတော့ မကောင်းပေ။ သွားသတိ လာသတိလေးတော့ ရှိသင့်သည် မဟုတ်လား။ မဖြစ်မနေတော့ သွားလာနေဂမှာပဲ ဆိုပေမယ့် သတိထား သွားလာ လုက်ကိုင်ဖို့တော့ လို၏။
နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးခဲ့ပြီ ဖြစ်၏။ covid ပိုးသည်လည်း မျိုးရိုး ဗီဇ အသစ် ပြောင်းလဲ လာခဲ့ပြီ ဖြစ်၏။ အတော်လေး ဂရုစိုက်ရပေမည်။ covid ကို မတွန်းလှန် နိုင်သရွေ့ ယှဥ်တွဲ နေထိုင်ခြင်းကို ကျနော်တို့ ရွေးချယ်ရပေတော့မည်။ သတိ အသိနှင့် ယှဥ်၍ နေထိုင်ရပေဦးမည်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ပါ။