ဒီနေ့တော့ ရောက်တတ်ရာရာလေးတွေ ပြောမည်ဟု တွေးထား၏။ မြင်ရ ကြားရတာတွေ တွေးမိ တောမိတာလေးတွေကို ပြောပြမည်။ သည်းခံ နားဆင်၊ ဖတ်ရှုပါလို့။ ဒီနေ့ ဝမ်းနည်းစရာ သတင်းတခု ကြားရ၏။ စွယ်စုံရ သရုပ်ဆောင်ကြီး ဦးကျော်ဟိန်း ကွယ်လွန်သွားခြင်း ဖြစ်၏။ ကွယ်လွန်သည် ဆိုသည်ထက် ပျံလွန်တော်မူသည်ဟု ပြောရပေမည်။ အဘယ်ကြောင့်ဆိုသော် ဦးဇင်းဝတ်နှင့် ကွယ်လွန်သွားခြင်းကြောင့် ဖြစ်၏။ ဦးကျော်ဟိန်း ဘုန်းကြီး ဝတ်သွားခဲ့သည်မှာ အတော်လေး ကြာနေပြီ ဖြစ်၏။ တရားအသိ တရားနှလုံး ကောင်းကောင်း သိပြီး ဖြစ်သဖြင့် ဘဝကူး ကောင်းမည်ကား အသေအချာပင်။
ဦးကျော်ဟိန်း ကွယ်လွန်သွားသည့် ဒီနေ့ကား ဒွေး (သူ၏ တူ) ကွယ်လွန်သွားသည့် နေ့ပင် ဖြစ်၏။ ဒွေး ကွယ်လွန်ပြီး (၁၃) နှစ်ပြည့်သည့် ရက်မှာပင် ဦးကျော်ဟိန်း ကွယ်လွန်သွားခြင်း ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင်။ ကံတရားကား ဆန်းကျယ်လွန်းလှ၏။ ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်ရ၏။ မွေးဖွား နေထိုင် သေဆုံးခြင်းက မထူးဆန်းသည့် ဖြစ်မြဲ တရား ဆိုပေမယ့်လည်း တကယ်ကြုံ တကယ်ကြားသိရသည့် အခါမျိုးမှာတော့ စိတ် တည်ငြိမ်အောင် ထိန်းနိုင်ဖို့ရာကား ခက်ခဲလှ၏။
ကျော်ဟိန်း၊ ဒွေးတို့ ဇာတ်ကားတွေနှင့် ကျနော်တို့ ခေတ်တခုကို ဖြတ်ကျော်ခဲ့ရ၏။ သူတို့ကြောင့်ပင် ဗမာကားတွေကို တခုတ်တရနှင့် ကြည့်ခဲ့ရ၏။ မက်မော ခဲ့ရ၏။ သူတို့ ခေတ်အလွန်မှာတော့ ဗမာဇာတ်ကားတွေနှင့် ကျနော် ဝေးကွာသွားခဲ့တော့၏။ တမင် ဝေးကွာအောင် နေထိုင်ခြင်းမဟုတ်ပေ။ ဒီအတိုင်း သူ့သူ ဝေးကွာ သွားခဲ့ခြင်း ဖြစ်၏။ သူတို့ ပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ကား အားလုံး နီးပါး ကောင်း၏။ အပန်းဖြေ (ပြေ) စေသည့်အပြင် အသိ ဗဟုသုတတွေပါ သိမြင် မှတ်သားခွင့် ရ၏။
ရောက်တတ်ရာရာဟု ပြောထားပေမယ့် တနေရာထဲကိုပဲ စူးစိုက်ပြီး ပြောမိသွားပြီ ဖြစ်၏။ သူတို့ကား ဒီကမ္ဘာမြေကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။ ဦးကျော်ဟိန်း သတင်းကြားတော့ ကိုယ် ကြည့်ဖူးခဲ့သည့် သူ့ဇာတ်ကားတွေကို စိတ်ကူး ပိတ်ကားထက်မှာ တကားပြီး တကား၊ တခန်းပြီး တခန်း ကူးပြောင်း ရုံတင်နေမိ၏။ July လကား ဝမ်းနည်းစရာတွေ ထပ်မံ ဖြည့်စွက် ပေါင်းထည့်နေပြန်ပြီ မဟုတ်လား။ ကျနော်တို့ ချစ်ခင်လေးစား အားကြရသူများ ကျနော်တို့ကို နှုတ်ဆက် ထွက်ခွာ သွားခဲ့ကြပြီ ဖြစ်၏။
ဦးကျော်ဟိန်း၏ စကားလိုပဲ ကိုယ်လည်း တချိန်တခါအတွက် ပြင်ဆင်ထားဖို့ လိုပြီ ဖြစ်၏။