မစစ်ကြည့်တာက လွဲလျှင် ကျနော်လည်း ဥမ္မာခင် နှင့် တွေ့ပြီးခဲ့ပြီး နေပါလိမ့်မည်။ အမေ သက်သာလာပြီးနောက်မှာ တရက်သား ကျနော် ဖျားချင်ချင် အမှန်တော့ ဖျားသွား၏။ အိပ်ရာထဲ မလဲသွားတာ တခုပဲ။ ဆေးတွေဘာတွေ ကြိုသောက်ထားလို့လည်း ပါမှာပေါ့။ ဘယ်လိုကြီး ဘယ်လိုတွေ နေရတအားဆိုးတာမျိုးတော့ မဖြစ်လိုက်ပေ။ တရက်ခွဲလောက်သာ ဖျားပြီး နှာစေး၊ နှာပိတ် ဖြစ်နေတော့၏။
လည်ပင်း မနာပေမယ့် အနည်းငယ် တော့ ယား၏။ အသံကတော့ ပြောင်းသွားခဲ့၏။ ဖျားတုန်းက မဖြစ်၊ အဖျားပျောက်သွားပြီးမှ ဖြစ်ခြင်း ဖြစ်၏။ ကလေးတွေကို အနား မလာခိုင်းတော့ပေ။ အမှန်တော့ အမေ နေမကောင်း စဖြစ်ကတည်းက ကလေးတွေကို အမေ့နား မကပ်စေသလို ကျနော့် နားလည်း မကပ်စေခဲ့ပေ။ ခုထိလည်း တူလေးကို တယောက်ထဲ အိပ်ခိုင်းထား၏။ ကျနော်က အပြင်တွေ ဘာတွေ သွားနေရတော့ သူ့နား သွားအိပ်လို့ မဖြစ်သေးပေ။
နှာပိတ်၊ နှာစေးတာက အတော်ဆိုး၏။ ဘာဆေးသောက်လို့ သောက်ရမယ်မှန်း မသိနေပေ။ နောက်ပိုဆိုးတာက လူက နုံးချိနေခြင်း ဖြစ်၏။ မလှုပ်ချင် (မလုပ်ချင်)၊ မကိုင်ချင်နှင့် အတော်လေး နေရခက်၏။ မဖျား၊ အဖျား မရှိဘဲ ထိုသို့ ခံစားနေရ တာကြီးက အတော်ဆိုး၏။ အအိပ် အစားလည်း မှန်နေရဲ့သားနဲ့ အနှီ နုံးချိနေသည့် ခံစားချက် ခံရမှုကြီးက မပျောက်သွားပေ။ ဘယ်လိုကြီးလဲ ပေါ့။
ကျနော် တင် မဟုတ် အမေလည်း ထိုအတိုင်းပင် ဖြစ်နေ၏။ ငှက်သိုက်တွေ ဘာတွေ ဝယ်တိုက်သော်လည်း အမေကား ယခင်လိုတော့ အားပြန် မတက်လာနေသေးပေ။ သူငယ်ချင်း တယောက် ပြောသည့် ကြက်ပေါင်း အသစ်ထွက် ဆိုတာကို ပြောင်းတိုက်ကြည့်ပါဦးမည်။ သူငယ်ချင်းကတော့ သိသာတယ် ပြော၏။ ကျနော့်ထက် အမေက ပို အရေးကြီး၏။ လူကြီးလည်း လူကြီးမလား။
ဘယ်နှယ် ရက်လောက် ခုလို ဖြစ်နေမလဲတော့ မသိသေးပေ။ မြန်မြန် ဆန်ဆန်ပဲ အရင်လို ပြန်ဖြစ်ချင်နေပြီ။ နေရထိုင်ရခက်နေတာကြီးက တကယ်ဆိုးလှ၏။ အကြာကြီး နှာစေး၊ နှာပိတ် တာမျိုးကြီးကလည်း တကယ် အဆင်မပြေလှပေ။ ကျန်းမာရေး ကျန်းမာရေး.....ကျန်းမာရေးက တကယ့်ကို အရေးကြီး လှ ပေ၏။