အိမ်ဝိုင်းထဲမှာ ပိန္နဲပင်မှ အသီး သီးသည် မဟုတ်၊ နောက်ထပ် အသီး သီးသည့် အပင် တပင် ရှိသေး၏။ သံပုရာပင် ဖြစ်၏။ ထုံးစံအတိုင်း အမေပဲ စိုက်ထားခြင်း ဖြစ်၏။ ကျနော်တို့ လာမနေခင် တုန်းက အမေနှင့် ကျနော် ခြံဝန်းထဲမှာ အပင်တွေ မကြာခဏ လာစိုက်ထားလေ့ ရှိ၏။ အပင်ကို ပျိုးယူထားပြီး စိတ်ချရမှ မြေကြီးပေါ် ပြောင်းစိုက်ယူခြင်း ဖြစ်၏။
ပိန္နဲပင်ကတော့ ကျနော်တို့ မပြောင်းလာနေခင် ကတည်းက သီးနေပြီ ဖြစ်ပေမယ့် သံပုရာပင်ကတော့ ကျနော်တို့ လာနေမှ သီးခြင်း ဖြစ်၏။ ကျနော်တို့ ပြောင်းပြောင်းလာချင်းမှာတော့ မသီးသေးပေ။ ဒီနှစ် (လာနေပြီး ၂ နှစ် ကျော်လောက်) မှ သီးခြင်း ဖြစ်၏။ အိမ်က လူနေမှရယ်၊ လူနေသည့် အိမ်မှ တင့်တည်သည်ဟု ပြောလေ့ ရှိကြသည် မဟုတ်လား။ အပင်တွေကလည်း ထို့ အတူပင် ဖြစ်မယ် ထင်၏။ တခြား ခြံဝိုင်းထဲက အပင်တွေတော့ မသိပေမယ့် ကျနော်တို့ ဝန်းထဲက သံပုရာပင်ကတော့ လူလာနေမှ အသီး သီး၏။
မနေ့ကတောင် ကြာဇံကြော် ကြော်စားသဖြင့် အပင်ကနေ သံပုရာသီး ခူးပြီး ကြာဇံကြော်နဲ့ တွဲစားဖို့ အချဥ် သုပ်လိုက်သေး၏။ ခြံထွက် organic စစ်စစ်ပေါ့။ သံပုရာသီးက အလုံးလည်း ကြီးသလို အရည်လည်း အတော်များ၊ ရွှမ်း၏။ အမေတောင် အဆိုပါ သံပုရာသီး သုပ်စားပြီးနောက် သွားတွေပါ ကျိန်းသွားသည် ဆို၏။
သံပုရာသီး သုပ်က သံပုရာသီးကို အတုံးသေးလေးတွေ တုံးပြီး သုပ်ခြင်း မဟုတ်ပေ။ ကြက်သွန်နီ လှီးထားပြီး မြေပဲ အနည်းငယ်နဲ့ သံပုရာသီးကို အရည်ညှစ်ပြီး သုပ်ခြင်း ဖြစ်၏။ ခေါက်ဆွဲ ကြော်၊ ကြာဇံကြော် တို့နဲ့ လိုက်ဖက်၏။ ဘောလုံး သွားကန်ဖြစ်သည့် ရက်တွေဆို ကန်ပြီး အပြန် ညစျေးတန်းမှာ ခေါက်ဆွဲကြော် ဝင်စားက လုပ်ပေးသည့် အချဥ်က အဆိုပါ အချဥ်မျိုးပင် ဖြစ်၏။ အရင်ကတော့ ဂေါ်ဖီထုပ်နဲ့ အချဥ်လုပ်ပေးခြင်း ဖြစ်၏။ လက်ရှိမှာ ဂေါ်ဖီထုပ်က စျေးကောင်းနေရကား သံပုရာသီး အချဥ် လုပ်ပေးခြင်း ဖြစ်၏။
ဒီနေ့တော့ မနေ့က ခူးထားပြီး ပိုသည့် တလုံးနှင့် coffee ဖျော်သောက်လိုက်၏။ Black coffee ပေါ့။ အိမ်မှာက ပိန္နဲသီး တင်မဟုတ် သံပုရာသီးပါ အညှာတခုထဲ တလုံးမက နှစ်လုံး သုံးလုံး သီးကြ၏။ မနေ့က တလုံးပဲလိုလို့ တလုံးပဲ ခူးပေမယ့် နှစ်လုံး ပါလာတာသာ ကြည့်တော့။
Coffee ထဲ သံပုရာသီး တလုံးလုံး ညှစ်လိုက်၏။ ဘာပြောကောင်းမလဲ သံပုရာခင်းထဲ coffee မှုန့်ကျဲထားသည့် အလားနှယ်။ ကျနော်၏ coffee ခါးခါးက ချဥ်ချဥ်လေး ဖြစ်သွားတော့၏။ ကောင်းပါ၏။ တခါတလေတော့ ဒီလိုမျိုးလေး သောက်ရတာ သဘောကျပါ၏။