April 8 ရက်နေ့က တူတော်မောင်၏ ရှင်ပြု အလှူ ဖြစ်လေ၏။ အလှူနေ့ မတိုင်ခင် ရှေ့ရက်တွေ ကတည်းက အလုပ်တွေ ရှုပ်၊ အလုပ်တွေ များနေခဲ့၏။ အကြီးအကျယ်တော့ မဟုတ်ပေ။ ဒီအတိုင်း အကျဉ်းချုံးသာ လုပ်ခြင်း ဖြစ်၏။ အကျဉ်းချုံး ဆိုပေမဲ့ ဖြည့်ရင်း ဖြည့်ရင်း ရှင်လောင်းလှည့် မပါတာက လွဲလို့ ကျန်တာကတော့ အလှူကြီးတွေနဲ့ သိပ်ထူးမခြားပင်။ အလှူ ကိစ္စ၊ ပြိုင်ပွဲ ကိစ္စတွေနဲ့ ကျနော်လည်း စာ ကောင်းကောင်း မရေးနိုင် မရေးဖြစ်ပေ။ ထို့ကြောင့် ပိုစ့်လည်း မတင်ဖြစ်ပေ။ ခုရက်မှ စလို့ ပုံမှန် ပိုစ့် ပြန်တင်ဖြစ်ပေတော့မည်။
အလှူ ပြီးနောက်ရက် လူက တကိုယ်လုံး ကိုင်ရိုက်ထားသည့် နှယ်။ ကိုက်ခဲလို့ နေ၏။ မနည်းကောင်း အိပ်ရာ ထရ၏။ 7 ရက်နေ့မှာ အမျိုးတွေ တက်လာကြ၏။ 9 ရက်နေ့မှာ ပြန်၏။ 3 ရက်လုံး ကျနော် မအားပေ။ 9 ရက်နေ့မှာက ကျနော်တို့အသင်း ကွာတားဖိုင်နယ် အဆင့် ယှဉ်ပြိုင်ကစားရ၏။ ဆိုတော့ကာ တယောက်ထဲ လည်ထွက်နေတော့၏။ စိတ်မောလူပန်းနှင့်။ သင်္ကြန်တွင်းတော့ ကောင်းကောင်း အနားရမယ် ထင်ပါရဲ့။ သို့ပေမဲ့ ဆပ်စရာ content အကြွေးတွေကလည်း ရှိနေသေး၏။ အိမ်း နည်းနည်းတော့ ထပ်မောရပေလိမ့်ဦးမည်။
အလှူက ဒံပေါက် ကျွေး၏။ အော်ဒါမှာလိုက်ခြင်း ဖြစ်၏။ အာရုဏ်ကိုက နို့စိမ်းခေါက်ဆွဲ လှူဒါန်း ကျွေးမွေး၏။ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ပေါ့။ အာရုဏ်ဆွမ်း အတွက် ခေါက်ဆွဲကိုက မနက် အစောမှ သွားယူရမယ် ဆိုသဖြင့် မနက်ခင်း 4 နာရီခွဲ ထရလေ၏။ 5 နာရီ အရောက် ပို့ပေးရမည် ဖြစ်သောကြောင့် ဖြစ်၏။ ခေါက်ဆွဲ ယူရမယ့် နေရာက အိမ်၊ ဘုန်းကြီးကျောင်း တို့နှင့် မဝေးသည့် နေရာမို့ တော်သေးတယ် ပြောရမည်။ ဒီရက်ပိုင်းက အိပ်ရေးကို မဝလိုက်ပေ။ အိပ်လိုက်ရလား၊ မအိပ်လိုက်ရဘူးလားနဲ့ သဲသဲကွဲကွဲ မရှိနေပေ။
အာရုဏ်ဆွမ်းပြီးတော့ နေ့ဆွမ်းပါ တဆက်ထဲ လှူဒါန်း၏။ ကြားထဲ ဧည့်ပရိတ်သတ် ကျွေးမွေးပေါ့။ အလှူပြီးတော့ သိမ်းဆည်း ရှင်းလင်းရေးတွေ လုပ်ရလေ၏။ ထို့ကြောင့် 9 ရက်နေ့ မနက်မှာ တကိုယ်လုံး ကိုက်ခဲနေရခြင်း ဖြစ်လေ၏။
အလှူကိစ္စ ရှိနေပေမဲ့ ပြိုင်ပွဲ ကိုကလည်း ပစ်ထားလို့ မရပြန်ပေ။ မျှတအောင် လုပ်ရသေး၏။ League ဝင်ခွင့်က ယခု Cup ပြိုင်ပွဲမှာ Quarter-Finals ရောက်မှ ရမှာ ဖြစ်သောကြောင့် ထိုအဆင့်ထိ ရောက်အောင် ကြိုးစားဖို့ လို၏။ အားလုံး၏ ကြိုးစားမှုဖြင့် Quarter-Finals အဆင့်သို့ ရောက်ခဲ့လေ၏။ League ဝင်ခွင့် သေချာ သွားခဲ့လေ၏။ အလှူ၊ ပြိုင်ပွဲ တို့ကြောင့် ပင်ပန်းရပေမဲ့ ပင်ပန်းရကျိုး နပ်သည်ဟု ဆိုရပေလိမ့်မည်။ အသင်းလည်း အောင်မြင်မှုရ၊ အလှူလည်း ကောင်းကောင်းမွန်မွန် ပြီးစီးသွားသောကြောင့် ဖြစ်လေ၏။