ဒီရက်ပိုင်း နေမကောင်း။ စဖြစ်တာက ပြီးခဲ့သော ကြာသပတေး၊ သောကြာနေ့က စသည်ဟု ပြောရမည်။ ရုတ်တရက် ရာသီဥတု ထအေးသည့် ရက်ကပေါ့။ သေချာလေး ဂရုမစိုက်မိလို့လည်းပါမယ်။ အသင်း အနေနဲ့ ဒီနှစ်ထဲမှာ ကျင်းပမယ့် Futsal League ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေခဲ့၏။ ထို့အတွက် အသင်းသား အားလုံးက ကြိုးစားနေကြ၏။ ပုံမှန် Training အပြင် ကိုယ့်ကို လုပ်၊ လေ့ကျင့်တာမျိုးတွေလည်း ရှိ၏။ ကျနော်လည်း ဘယ်နေမလဲ အသင်း နှင့်အတူ အပြင် ကိုယ့်ကိုပါ လေ့ကျင့်၏။
မနက် မနက်ကို ကျနော်တို့ ကစားနေကြ ကွင်းမှာ အပေါ့စား Training လေးတွေ လုပ်ဖြစ်၏။ လူငယ်တွေနဲ့ ယှဉ်ကစားရမှာ ဆိုတော့ ကိုယ်က fit ဖြစ်နေဖို့ လိုသည် မဟုတ်လား။ ထိုစိတ်နဲ့ Training တွေ သေချာလေး လုပ်ဖြစ်၏။ ကျနော့် အသင်း အပြင် မကြာခဏ ကျနော် သွားကစားလေ့ ရှိသည့် အသင်းလည်း ရှိသေး၏။ တပတ်ကို သူတို့က ၂ ပွဲ ကစားလေ့ ရှိ၏။ ယခင်က ၂ ပွဲလုံး သွား join ဖြစ်ပေမဲ့ ယခု နောက်ပိုင်းမှာတော့ ၁ ပွဲလောက်သာ join ဖြစ်တော့၏။
ကြာသပတေး၊ သောကြာမှာ စပြီး နေမကောင်း ဖြစ်ချင်တာ ဆိုပေမဲ့ တကယ်တော့ ရှေ့ရက်တွေကတည်းက စေ့ဆော်မှုတွေကြောင့်လည်း ပါ၏။ နားရက် မရှိ ဆက်တိုက်တွေ ကစားနေရသည်ကိုး။ ဒီကြားထဲ မနက်ပါ Training လုပ်တော့ ပင်ပန်းပြီပေါ့။ အသက် တခု ရောက်လာတော့ ကိုယ်ခန္ဓာက ငယ်တုန်းကလောက် အဆင်မပြေတော့ပေ။ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း Futsal ကစားပြီးတိုင်း ကျနော် ရေချိုးလေ့ ရှိ၏။
ကြာသပတေး၊ သောကြာမှာ ရာသီဥတုက ထပြီးအေးချိန် ကျနော်က မနက် ရေချိုး၊ ည ရေချိုးတွေ သွားလုပ်တော့ အအေးမိလေတော့၏။ လုံးဝကြီး အိပ်ရာထဲ လဲသွားတာမျိုးတော့ မဟုတ်ပေ။ Training ရယ်၊ ကစားချိန်များသွားတာတွေရယ် ပေါင်းပြီး ကိုယ်လက်တွေ ကိုက်ခဲလေတော့၏။ အစပိုင်း အဖျား အနည်းငယ် ရှိပေမဲ့ ဆေးသောက်လိုက်တော့ အဖျားက မတိုးလာတော့ပေ။ သို့ပေမဲ့ လည်ပင်းနာ၊ ချောင်းဆိုးပြီး လူက တအုံနွေးနွေး လေးလေးကြီး ဖြစ်နေခဲ့၏။
အမေက အိမ်မှာ လုပ်ထားသည့် ဆေးမြီးတို ချောင်းဆိုးပျောက်ဆေးကို သောက်ခိုင်း၏။ သောက်ပါ၏။ သိပ်ပြီး ထူးစွာ သက်သာလာတာမျိုးတော့ မရှိသေးပေ။ ဘောလုံးကန်ကော၊ Training ကော ၃ ရက်လောက် နားလိုက်ရ၏။ ၂ ရက်လောက် ဆေးအရှိန်နဲ့ အိပ်ချည်း အိပ်နေတော့၏။ ဆေးခန်းတော့ မသွားဖြစ်ပေ။ ကိုယ့်ကို နည်းနည်းသက်သာနေပြီလို့ ထင်မိ၏။ လည်ပင်းနာပြီး ချောင်းတော့ ဆိုးနေပါသေး၏။