ခုရက်ပိုင်း မိုးက အဆက်မပြတ်ကို ရွာ၏။ နေ့တိုင်း နီးပါးရွာ၏။ ကျနော့် အထင် ၂၄ နာရီတွင် ၈ နာရီလောက်သာ နားမည်ထင်၏။ ကျန်နာရီတွေမှာတော့ ရွာသည်ဟု အကြမ်းဖျဉ်း ပြောလို့ရ၏။ ရွာလိုက် တိတ်လိုက်နဲ့။ ရွာတာက ကြာကြာ၊ တိတ်တာက ခဏရယ်ပါ။ မိုးရွာတော့ ခြေခင်း လက်ခင်း မသာ၊ သွားသွား လာလာ လုပ်ဖို့က မလွယ်ပေ။ ခုကာလမှာ ဟိုဟို ဒီဒီ သွားလာ လည်ပတ်မှု မရှိ၊ မလုပ် ဖြစ်တော့ မိုးရွာခြင်းက ကျနော့်ကို သိပ်ပြီး ကသိကအောက် မဖြစ်စေပေ။ နို့ပေမယ့် အိမ် အတွက် လိုအပ်သည်များ ဝယ်ယူစရာ ရှိချိန်မှာ မိုးရွာနေက အတော်လေး ဂွကျလှ၏။ ဒီမိုးနဲ့ အရေးတကြီး လုပ်စရာ မရှိတာကိုပင် ကျေးဇူး တင်ရမလိုလိုပင်။
မနက်ခင်းပိုင်းထက်စာရင် နေ့လည်၊ ညနေခင်းနဲ့ ညပိုင်းတွေမှာ မိုး ပိုရွာတတ်၏။ သီတင်းကျွတ်ခါနားနီးလို့ပဲ တအားကုန် ရွာနေလားတော့ မသိပေ။ နို့ပေမယ့် ခုက သီတင်းကျွတ်မှာလည်း မိုးက ရွာချင် ရွာနေတာပါပဲ။ တခါတလေဆို တန်ဆောင်မုန်းလ အထိပင် ကူးသွားတတ်သေး၏။ ငဗစ် မတိုင်ခင် တန်ဆောင်တိုင် မီးပုံးပျံပွဲတွေ ကျင်းပ ပြုလုပ်စဉ်တုန်းကဆို မိုးနဲ့ မလွတ်သည့် ရက်တွေတောင် ရှိခဲ့ဖူး၏။ ဒီဇင်ဘာလ လောက်ရောက်မှသာ ကိုရွှေမိုးက စိတ်ဖြတ်ပြီး ရပ်တော့၏။ ဒါတောင် မရပ်ချင်၊ ရပ်ချင်နဲ့ရယ်။ မုတ်သုံ ရာသီ မဟုတ်တော့ပေမယ့် တခါတလေ ပင်လယ်ပြင်မှာ မုန်တိုင်းဘာညာ ရှိတတ်က သူက မသိမသာ ကပ်တိုးလေးနဲ့ ရွာ တတ်သေးပြန်၏။
စိုက်ပျိုးရေးကို အဓိက ထားသည့် နိုင်ငံအဖို့ မိုးက အရေးကြီးလှ၏။ မိုးရာသီ ရှည်ကြာခြင်းက ကောင်းပေမယ့် မိုးများ လွန်းရင်လည်း သီးနှံ့တွေ အတွက် ဒုက္ခ များ၊ ဖြစ်စေနိုင်၏။ တန်ရင် ဆေး၊ လွန်ရင် ဘေး မလား။
ခုချိန် ကာလမှာ မိုးများခြင်းက သီးနှံ့တွေ အတွက်ရယ်သာ မက၊ လူတို့ အတွက်လည်း ဒုက္ခ များ စေ၏။ ကျနော်တို့လို အိမ်ထဲ အရိပ် လုံလုံခြုံခြုံနေနေရသူတွေ အဖို့က ကိစ္စ မရှိပေ။ စစ်ဘေးရှောင်ရင်း ပြေးလွှား နေရသူတွေအဖို့ ဒီမိုးက တပူပေါ် နှစ်ပူ ဆင့်စေ၏။ တော်လှန်ရေး ကာလ မလို့လည်း ကာလ မလို့၊ ပြန်လည် ထူထောင်ရေး ကာလ မလို့လည်း ကာလ မလို့။ အချိန် ကာလတိုင်း ဒီမိုး၊ ဒီရေနဲ့ဆို လုပ်ရ ကိုင်ရတော့ ခက်ချေ ပေလိမ့်မည်။
ကိုယ်တွေမှာကလည်း ကူညီနိုင်သည့် အင်အားမျိုးက မရှိပေ။ တယောက်ဒဏ်ရာကို တယောက် ဆေးမထည့် ပေးနိုင်ပေမယ့် တံတွေးစွတ်လို့ ချွေးသိပ်ပေးတာလောက်တော့ လုပ်ပေးနိုင်ကြမည် ထင်ပါ၏။ ရုပ်ဒဏ်ရာတွေ မသက်သာရင်တောင် စိတ် ဒဏ်ရာတွေကိုတော့ လျော့ပါး စေလို၏။ ဘဝက တိုတိုလေး မလား။ ဒီတိုတိုလေးမှာကို ကျနော်တို့ ပြည်သူတွေမှာ နာကျင်ရသည့် အချိန်ကာလက ရှည်ကြာနေတာ မည်သူ့ကို အပြစ်တင် အပြစ်ဖို့ရမယ် မသိတော့ပေ။ ဒီနိုင်ငံမှာ လူလာ ဖြစ်နေသည့် မိမိ ကိုယ်ကိုသာ အပြစ်တင်ရမည်ထင်။ မည်သို့ပင် ဆိုစေ တွန်းလှန် နေသူတွေ၊ ဒုက္ခ ဖြစ်နေသူတွေ အား ဖြစ်စေဖို့ရာ နိုင်သလောက် ကျရာ နေရာလေးကနေ ကူညီပါဝင် ပေးကြရုံပေါ့။
40 Days (11)