ဝင်ငွေ မရှိတာ ကြာခဲ့ပြီ။ ကြာဆို အလုပ် အကိုင်မှ မရှိဘဲ။ ခုထိတော့ စာပြန် မသင်ဖြစ်သေးပေ။ တရက်သားက အသိ အကိုဆရာက ညီဆရာ စာပြန်သင်နေပြီလားဆိုပြီး လာမေး၏။ သင်မယ်ဆို အိမ်ဝိုင်းလေး တခု ရှိလို့ဆိုပြီး ပြော၏။ ပြန်သင်ရမလားဆိုပြီး ခဏတော့ တွေဝေ သွားခဲ့၏။ စာတွေနဲ့ ဝေးနေတာ ၃ နှစ်လောက် ရှိသွားခဲ့ပြီ။ စာလည်း မသင်ဖြစ်ရော လေ့လာခြင်းတွေပါ ရပ်သွား၏။ ထိုအချက်က မကောင်းမှန်းသိ၏။ သိပေမယ့် မပြင် ဖြစ်၊ မပြင် နိုင်ပေ။
အကို ဆရာကို အားနာစွာဖြင့်ပဲ ငြင်းလိုက်ရ၏။ စောင့်လက်စနဲ့ ဆက်ပဲ စောင့်ပါတော့မည်။ သင်ကြားရေးနှင့် အဆက်မပြတ် စေရန် လေ့လာမှုတွေကိုတော့ ပြန်လုပ်ထားမှရမည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ခုကတည်းက ပြင်ဆင်ထားရမည်။
အမေနှင့် အမတွေကျွေးမွေးတာကို ကပ်စားပြီးနေ နေသည်ဟုတော့ ပြောလို့ရ၏။ တကိုယ်ရည်စာ အသေးစား သုံးစွဲဖို့ကိုတော့ Hive က ရတာတွေနဲ့ပဲ ဖြေရှင်းခဲ့၏။ အချိန်ကြာလာတော့ ဒီအတိုင်းကြီး နေနေတာ မဟုတ်သေးဘူးဟု ကိုယ့်ကို ပြန်ပြန် သတိပေးနေရ၏။ ကြာလာရင် ထုံထိုင်းကြီး ဖြစ်သွားပေလိမ့်မည်။ တခုခုတော့ လုပ်မှရယ်။ လုပ်ဆိုပြန်တော့လည်း ဒီခေတိပျက်ကြီးထဲ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိပေ။
တော်လှန်ရေးမှာ သူများတွေ လှူတာမြင်ရတော့ ကိုယ့်ကို အားမလို အားမရ ဖြစ်မိ၏။ ငါသာ အလုပ်ရှိနေရင် လှူလို့ရပြီ။ ထိုသို့ ခံစားမိတိုင်း စာပဲ ပြန်သင်လိုက်ရမလားလို့ တွေးမိပြန်၏။ ကိုယ့်မှာလည်း လုပ်တတ်တာဆိုလို့ ဒါပဲ ရှိသည်ကိုး။ အဲ့မှာ ဘာသွားတွေ့လဲဆိုတော့ click app တွေ ဖြစ်၏။ wifi လည်း ရှိနေတော့ ငါက ဒါနဲ့တော့ ကိုက်ပြီဆိုပြီး clicker လုပ်လေတော့၏။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ထောက်ပို့ တပ်သားပေါ့လေ။
အစောပိုင်း ကာလတွေတုန်းကတော့ click 2 donate app နဲ့ စ click ခဲ့၏။ နေ့တိုင်း မ click ဖြစ်ပေ။ click ဖြစ်သည့်ရက် click ဖြစ်ပြီး၊ မ click ဖြစ်သည့်ရက်ကြ မ click ဖြစ်နဲ့ပေါ့။ ထိုနောက်မှာတော့ WOH game (the PDF game) ကို သွားတွေ့၏။ click တရက်၊ မ click တရက် လုပ်နေမှုကို WOH game မှာတော့ ရပ်တန့် နိုင်ခဲ့၏။
ပျက်ရက်မရှိ နေ့စဉ် ဝင်ပြီး click နိုင်ရမယ်ဆိုသည့် သန္နိဋ္ဌာန်ကို ချပြီးမှ WOH game ကို စပြီး ကစား၏။ ဘယ်လောက်ပင် အလုပ်ရှုပ်၊ အလုပ်များများ မမေ့မလျော့နဲ့ ဝင်ပြီး click ဖြစ်၏။ Daily target ပြည့်တဲ့နေ့ ရှိသလို တချို့ရက်တွေမှာတော့ points 10 ခုပဲ ရတာမျိုးတွေလည်း ရှိ၏။ အဓိကက နေ့စဉ် ဝင် click ဖြစ်ဖို့ ဖြစ်၏။
နေ့စဉ် ဝင် click နိုင်ရမည်၏ နောက်မှာမှ ပျမ်းမျှ တလ ဘယ်လောက်တော့ ထောက်ပို့ နိုင်ရမည် လိုက်၏။ တနှစ်တိတိ တရက်မပျက် ဝင်ရောက် click နိုင်ခဲ့ပြီး နောက်မှာတော့ စာရင်း ပြန်ချုပ်ကြည့်ရင် တလကို ၅ သိန်း ထောက်ပို့ နိုင်ခဲ့သည်ဟု ဆိုလို့ ရမည် ဖြစ်၏။ တနှစ်တိတိဆိုသည့် certificate ရသည့်ရက်မှာ ၆၃ သိန်း ဆိုတော့ အပို ၃ သိန်း ခဏဖယ်ထားပြီး သိန်း ၆၀၊ ၁၂ လ ဆိုတော့ တလ ၅ သိန်း လို့ အကြမ်းဖျင်း ပြောနိုင်၏။
တနှစ်တိတိ တရက်မပျက် ပါဝင်နိုင်ခဲ့လို့ ကိုယ့်ကိုလည်း ဂုဏ်ယူမိပါ၏။ ဆက်၍လည်း တော်လှန်ရေး ပြီးဆုံးအောင်မြင်သည်ထိ ပါဝင်နိုင်သလောက် ပါဝင် နေဦးမည် ဖြစ်၏။ pro clicker မှသည် pro max clicker အဖြစ်သို့ ရည်သန် ဦးတည်လျက် .....
အားလုံးပဲ သွေးမအေးကြေး။
အရေးတော်ပုံ မုချ အောင်ရမည်။