ဆွမ်းတော် ဒီနေ့ထိ ပြန်မကြွသေးပေ။ ထို့ကြောင့် မနက် ဆွမ်းတော်တင်ခြင်း အမှုကိစ္စသာ လုပ်စရာ ရှိနေ၏။ သင်္ကြန် မတိုင်ခင် ၄၊ ၅ ရက် အလို ကတည်းက ဆွမ်းခံကြွ နားမည် ဖြစ်ကြောင်း ပြော၏။ တလ နားမည်ဟု ဆို၏။ အခါကြီး ရက်ကြီး ကြောင့် ကျောင်းမှာ အလှူရှင်တွေ များနေလို့လား၊ တခြား အကြောင်းကြောင့် ပေလားတော့ မသိပေ။ အိမ်ကြွ ကိုရင်တွေကတော့ ယခင် နှစ်တွေ ကတည်းက တလ နားနေကြ ဖြစ်ပေမဲ့ ဆွမ်းတန်း သံဃာတွေက သင်္ကြန် တပတ်သာ နား၏။ သို့ပေမဲ့ ဒီတနှစ်မှာ အဆိုပါ သံဃာတွေလည်း တလ နားလေ၏။ အမေကတော့ ကုသိုလ်က ဒါလေး ရှိပါတယ်ဆိုပြီး ရေရွတ်နေလေတော့၏။
တလ ဆိုပေမဲ့ ရက် ၂၀ ကျော်ရင် ပြန်ကြွတန်ကောင်းလောက်သည်ဆိုပြီး နားစွန့်နေရသေး၏။ နက်ဖြန် ပြန်ကြွမယ်နော်ဆိုပြီး ကြိုတင်လာမိန့်ကြားတာမျိုးကလည်း မရှိနေဘူးကိုး။ ထို့ကြောင့် ပြန်ကြွနိုး ကြွနိုးနဲ့သာ စောင့်နေရ၏။ ဒီအတိုင်းဆို ဒီလကုန်ပြီးလောက်မှ ပြန်ကြွဖို့ များ၏။ ၂၄ ရက် ဆိုတော့ လကုန်ဖို့ ၆ ရက်လောက်သာ ကျန်တော့၏။ ဆွမ်း မလောင်းလှူရတော့ မနက်ခင်းက တခုခု လိုနေသလို ဟာတာတာကြီး ဖြစ်နေ၏။ ဆွမ်းတော် တင်ပြီး ဆွမ်းလောင်း နေကြ ဆိုတော့ ခုလို ရက်ရှည် ဆွမ်းခံ မကြွချိန်ဆို ဘယ်လို နေလို့ နေရမှန်း မသိပေ။
ဆွမ်းလှူသည့် ကိစ္စတခုထဲ မဟုတ် တခြား အကြောင်း ကိစ္စ တခုလည်း ရှိသေး၏။ မနက်ခင်း ဆွမ်းတော်တင်ပြီးလို့ ဆွမ်းတော် စွန့်သည့်အခါ မျိုးမှာ ဆွမ်းထမင်းကို ငှက်ကလေးတွေကို ကျွေးလေ့ ရှိ၏။ အရင်ကဆို ခိုတွေ အုပ်လိုက်ကြီး လာစား၏။ ခိုတွေ ပြီးရင် စာကလေးတွေ စားကြ၏။ ခုရက်ပိုင်း ခိုတွေ မတွေ့ရပေ။ ခုရက်ပိုင်း ဆိုတာထက် တိတိကျကျ ပြောရရင် သင်္ကြန် ရှေ့ ကတည်းက မလာကြတော့ပေ။ ထမင်းတွေ ပတ်ထားပေမဲ့ ဒီအတိုင်း ပုံစံ မပျက်ပင်။
သင်္ကြန် တတွင်းလုံးလည်း ပေါ်မလာကြပေ။ သင်္ကြန်ပြီးလို့ အနှီထမင်းခြောက်တွေကို ရှင်းလင်းလိုက်ရသေး၏။ အရင်လို ခိုတွေ၊ စာတွေ အများကြီး မတွေ့ရဘဲ စာကလေး တကောင်စ နှစ်ကောင်စလောက်သာ အစာလာကောက်ကြလေ၏။ ခိုငှက်တွေကို လုံးဝ မတွေ့ရပေ။ အခြား တပါးများ ထွက်သွားကြလေ သလား။ မျိုးတုံးသွားတာတော့ မဟုတ်တန်ပေ။ မျိုးပွားမြန်၊ များ လွန်းသည့် မျိုးစိပ်တွေ မလား။
တချို့ ဘုရားစေတီ၊ ပန်းခြံလို နေရာမျိုးတွေမှာ ဆိုရင် ခိုစာ မကျွေးရ ဆိုပြီးတော့ကို တားမြစ်ထားလေ့ ရှိ၏။ အစာ ကိုယ်တိုင် ရှာစရာမလို ကျွေးတာတွေစားပြီး မျိုးတွေ ပွား ခိုအရေအတွက်တွေ တိုးတိုးလာနေသောကြောင့် ထိုသို့ ကန့်သတ်ထားခြင်း ဖြစ်၏။ ထိုသို့ မျိုးပွားမြန်သည့် ငှက်တွေ ဘယ်ရောက်သွားကြလေ သနည်း။ အဓိက ကုသိုလ် ဆွမ်းလောင်းခြင်းက မလုပ်ရပါဘူး ဆိုနေ ကုသိုလ် အပိုင်းအစလေးကပါ အထမမြောက်လေတော့ အတော်လေး စိတ်မကောင်း ဖြစ်ရလေ၏။