
Super Sunday ပွဲစဉ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်း၏။ Aston Villa အနေဖြင့် Liverpool အသင်း၏ သရေကျမှုကို အခွင့်အရေး မရယူနိုင်ခဲ့ပေ။ အဝေးကွင်းမှာ Burnley အသင်းနဲ့ ၂-၂ သရေကျသွားခဲ့၏။ ပွဲအစ ၈ မိနစ်မှာကတည်းက Burnley တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ခြင်း ဖြစ်၏။ ၄၂ မိနစ်မှာ Aston Villa ချေပဂိုး ပြန်သွင်း၏။ ပထမပိုင်းမှာ ၁-၁ သရေကျနေခဲ့၏။ ဒုတိယပိုင်း ၅၆ မိနစ်မှာ Aston Villa ဦးဆောင်ဂိုး သွင်းယူခဲ့ပေမဲ့ ၅၈ မိနစ်မှာ အိမ်ရှင်တို့ ချေပဂိုး သွင်းယူ၏။ နောက်ပိုင်း မိနစ်တွေမှာ ဘယ်အသင်းမှ ဂိုးထပ်မသွင်းနိုင်ဘဲ ပွဲပြီးဆုံးသွားခဲ့လေ၏။
Conference League ဗိုလ်လုပွဲရောက် Crystal Palace အနေဖြင့် Everton ကို အိမ်ကွင်းမှာ ၂-၂ သရေကျသွားခဲ့၏။ ဒါတောင် အိမ်ရှင်တို့ နောက်ကနေ လိုက်ကစားခဲ့ရခြင်း ဖြစ်၏။ ဦးဆောင်ဂိုးတွေကို Everton အသင်းကသာ အရင် သွင်းယူခဲ့၏။ ၀-၁ ကနေ ၁-၁၊ ထို့နောက် ၁-၂ ကနေ ၂-၂ ဖြစ်သွားခဲ့၏။ အပြန်အလှန် သွင်းဂိုးတွေနဲ့ နောက်ထပ် သရေပွဲ ၁ ပွဲ ထွက်ပေါ်ခဲ့၏။ သရေပွဲက ဒီ ၂ ပွဲ နဲ့တင် မရပ်ပေ။

Nottm Forest vs New Castle ပွဲစဉ်သည်လည်း ၁-၁ ဖြင့် သရေကျသွားခဲ့၏။ ပထမပိုင်းမှာ ဘယ်အသင်းမှ ဂိုးသွင်း ယူနိုင်ခြင်း မရှိဘဲ ဂိုးမရှိ သရေ ဖြစ်နေခဲ့၏။ ဒုတိယပိုင်း ၇၄ မိနစ်မှာ ဧည့်သည်အသင်း ဦးဆောင်ဂိုး စတင် ရရှိခဲ့၏။ အိမ်ရှင်အသင်း အနေဖြင့် ၈၈ မိနစ်မှာမှ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။ လောလောလတ်လတ် Europa League ဆီမီးဖိုင်နယ်အဆင့်မှာ Aston Villa ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသည့် Nottm Forest တို့ အနေဖြင့် EPL Round 36 မှာ နောက်ကျ ချေပဂိုးကြောင့် သရေ ရလဒ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်၏။
တန်းဆင်းဇုန် ဖိအားနဲ့ ချန်ပီယံ မျှော်လင့်ချက်တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်က အတော်လေး ကြည့်ကောင်း၏။ အိမ်ရှင် West Ham အနေဖြင့် ဧည့်သည် Arsenal ကို ကစားကွက် တည်ခွင့် မပေးဘဲ အတင်းဝင် အတင်းဖျက်ကာ ဖိအားပေး ကစား၏။ ၂ သင်းလုံး အနေဖြင့် ရှုံးဖို့ မပြောနဲ့ သရေကျဖို့တောင် မဖြစ်သည်မို့ ရေကုန် ရေခန်း ကစားကြ၏။ West Ham ကလည်း EPL မှာ တင်ကျန်ရေး၊ Arsenal ကလည်း ချန်ပီယံ ဖြစ်ရေး အကြိတ်အနယ် ကစားကြ၏။
ပထမပိုင်းမှာ အပြန်အလှန် ထိုးဖောက်မှုတွေ ရှိခဲ့ပေမဲ့ ဂိုးအဖြစ် ပုံဖော်နိုင်ခဲ့ခြင်း မရှိပေ။ ဒုတိယပိုင်းမှာ ပွဲက ပိုမို မြိုင်ဆိုင်လာခဲ့၏။ West Ham တို့ ဦးဆောင်ဂိုး ရဖို့ အကောင်းအဆုံး အခွင့်အရေး ရခဲ့ပေမဲ့ Arsenal ဂိုးသမား လက်စွမ်းပြ ကာကွယ် သွားခဲ့၏။ ၈၃ မိနစ်မှာတော့ Arsenal တို့ ဦးဆောင်ဂိုး ရသွားခဲ့၏။ ၉၀+၅ မိနစ်မှာ West Ham တို့ ချေပဂိုး သွင်းယူခဲ့ပေမဲ့ VAR အဆုံးအဖြတ်ဖြင့် ပြစ်ဒဏ်ဘောဟု သတ်မှတ်ကာ ပယ်ဖျက်လိုက်၏။ ယခုပွဲ အနိုင်ရမှုကြောင့် Arsenal အနေဖြင့် EPL ချန်ပီယံ ဖြစ်ဖို့ အတော်လေး အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်၏။
(photos from Premier League Page)