စကစက ကျင်းပပေးသည့် စာမေးပွဲကတော့ ပြီးသွားခဲ့ပြီ။ ပြောစရာ ဆိုစရာ များသည့် အနှီ စာမေးပွဲကား ပြီးသွားခဲ့ပြီ။ တနှစ်လုံး စာ၏ ဆယ်ပုံ တပုံစာတောင် မရှိသည့် သင်ခန်းစာများကို မေးခွန်းထုတ် ဖြေဆိုခိုင်းခဲ့ပြီ။ တက်အောင် သင်ခြင်း မဟုတ် ပြီးအောင် သင်ခြင်း ဖြစ်၏။ ငါ့လက်ကလွတ် ကျွတ် ဆိုသည့် သဘောမျိုးတွေ။ မဖြေတဲ့သူနဲ့ သေတဲ့သူက လွဲလို့ အကုန်အောင်မယ့် စာမေးပွဲဟု အချို့ကတော့ သမုတ်ကြ၏။ ပြောလည်း ပြောချင်စရာပင်၊ မေးခွန်းတွေက လွယ်လွန်းလှပေ၏။
တနှစ်စာ အစား နည်းနည်းလေးသာ သင်ရသည့်ထဲက မေးခွန်းထုတ်မှတော့ အနှီမေးခွန်းက ဘယ်မလွယ်ဘဲ နေမည်နည်း။ ဒါတောင် မေးခွန်း ပေါက်သည်ဟု ပြောနေပြသေး။ ယခင်ထက်စာလျှင် ဖြေဆိုသူ အရေအတွက်က အတော်လေး နည်းလှ၏။ စကားထဲ ထည့်ပြောရရုံလောက် မဟုတ်ဘဲ ကိန်းခန်းနဲ့ကို နည်းသည်ဟု ပြောရလောက်သည့် အရေအတွက် ဖြစ်၏။ ကျောင်းဖြေထက် ပြင်ပ ဖြေတွေ ပိုများ၏။ ဟို အကြောင်း ဒီ အကြောင်း တွေကြောင့်ရယ်ပေါ့။
ပြင်ပ ဖြေတွေမှာလည်း သူတို့ အတွေးနဲ့ သူတို့၊ သူတို့ ဒုက္ခ နဲ့ သူတို့ ဆိုတော့ သိပ် မပြောလိုတော့ပေ။ လူတိုင်းမှာတော့ ကိုယ်စီ အခက်အခဲ တွေနဲ့ပဲ မလား။ ဒါပေမယ့် လိပ်ပြာသန့်ဖို့ သမိုင်းကြောင်းလှဖို့ လို၏။ မတော်တဆ အတိတ်ကို ပြန်ပြောင်း ပြောဖို့ လိုလာခဲ့သည် ရှိသော် စိတ်လုံခြုံဖို့ လိုမည် ထင်၏။ တချို့ ကလေးတွေက တွေးတတ် စဥ်းစား တတ်၏။ ဒါပေမယ့် မိဘတွေ၏ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ပေ။ အချို့ မိဘတွေက အချောင်၊ အလွယ် ကြိုက် ကြ သည် မဟုတ်လား။
NUG ကတော့ ယခု စာမေးပွဲကို အသိအမှတ် မပြုဟု ဆိုထားပြန်၏။ ဖြေဆိုထားသည့် ကလေးတွေကတော့ ဇဝေဇဝါ ဖြစ်နေတော့ မည်ထင်။ ခက်တော့လည်း ခက်သားလား။ အရေအချင်း အရေအသွေးထက် အရေအတွက်ကို ပိုအလေးထားနေသည့် ပညာစနစ်က ပိုမိုကောင်းမွန်သည့် အနာဂတ်တွေကို ဖန်တီးပေးနိုင်လိမ့်မည်ဟု ကျနော် မထင်ပေ။ ကိုယ့်လို ယောင်ခြောက်ဆယ် ဘွဲ့ရလေးတွေသာ ထပ်ပေါလာမည်ထင်။
မည်သို့ပင် ဆိုစေ ဖြေသူတွေကတော့ ဖြေပြီးကြကုန်ပြီ။ ဘာတွေ ဘယ်လို ဆက်ဖြစ်မည်ကတော့ တော်လှန်ရေး အပြီး ပြည်သူ့ အစိုးရ စစ်စစ် ပြန်လာမှ သိရပေလိမ့်မည်။ စစ်မှန်သော ပညာရေး စနစ် တရပ် ပေါ်ထွန်းလာဖို့ မျှော်လင့်လျှက်....