EPL Round 32 ၏ ပွဲစဉ်တွေထဲမှ ၅ ပွဲ ကစားပြီးသွားခဲ့ပြီ။ ၁ ပွဲသာ အရှုံးအနိုင် အဖြေမပေါ် သရေကျခဲ့ပြီး ကျန် ၄ ပွဲက အရှုံးအနိုင် ပေါ်လွင်ခဲ့၏။ အစောဆုံး ပွဲစဉ် ဖြစ်သည့် West Ham vs Wolves ကတော့ ဂိုးပြတ်သွားခဲ့တာ သိကြပြီး ဖြစ်၏။ အဆင့် ၁ က Arsenal နှင့် Bournemouth ပွဲစဉ်ကတော့ ပရိတ်သတ်တွေကို အံအားသင့်စေခဲ့၏။ အိမ်ကွင်းမှာ Bournemouth ကို ၁-၂ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။
ရာသီသိမ်းဖို့ ၆ ပွဲသာ လိုချိန်မှာ Arsenal တို့ ရှုံးပွဲတွေ့ရလေ၏။ ၂ ပွဲ လောက် ခြေချော် လက်ချော် ဖြစ်လို့ရတယ် ဆိုပေမဲ့ ၂ ပွဲထက် ပိုသွားရင် အန္တရာယ် ရှိလာနိုင်၏။ ဆင်ပြောင်ကြီး အမြီးကြမှတစ် ဇာတ်လမ်းတွေကလည်း ရှိထားလေတော့ ၁ ပွဲလေး ထရှုံးပေမဲ့ လန့်နေရ၏။ City ကပါ လိုက်ရှုံးရင်က တော်သေး။ ထိုသို့ မဟုတ်ရင် Arsenal တို့ ဖိအားတွေ ပိုမိုပြီး ရှိလာနိုင်၏။ ဒီအတိုင်းဆို ဘယ်သူ ချန်ပီယံ ဆိုတာ နောက်ဆုံးပွဲစဉ်တွေထိ စောင့်ကြည့်ရတော့မယ့် ပုံပင်။ Arsenal အနေဖြင့် ခပ်စောစော အမှတ်ဖြတ်ပြီး ဖလားသိမ်းလိုက်သင့်၏။
Arsenal ကို လူပြောများနေရခြင်းကလည်း ဒီအချက်တွေကြောင့်ပင်။ ရှေ့နှစ်တွေတုန်းကလည်း အဆင့် ၁ မှာ တောက်လျောက် ဦးဆောင်လာနေခဲ့ပြီးမှ ရာသီသိမ်းခါနားနီးမှာ ခြေချော်ပြီး အဆင့် ၂ ဖြင့်သာ ကျေနပ်ခဲ့ရလေ၏။ ထို့ကြောင့် ဒုတိယလူဟု ဝိုင်းစနောက် နေကြခြင်း ဖြစ်၏။ ပြောလည်း ပြောချင်စရာပင်။
ဖလား ၄ လုံး လမ်းကြောင်းကနေ ၂ လုံးသာ ကျန်တော့သည့် Arsenal တို့ သေချာလေး အာရုံစိုက်ဖို့ လိုမည် ဖြစ်၏။ EFL ပြီးနောက် FA ဖလားတို့ကနေ လက်ပြ နှုတ်ဆက်ခဲ့ရကာ EPL နှင့် UCL သာ ကျန်တော့၏။ EPL ထက်စာရင် UCL က ခက်ခဲနိုင်၏။ ထို့ကြောင့် ပိုသေချာသည့် EPL ကို အလေးထားသင့်၏။ EPL မှာ အမှတ်ဖြတ်သင့်တာ မြန်မြန် များများ ဖြတ်ထားပြီး UCL ကို အားစိုက်ရင် ပိုမကောင်းပေဘူးလား။ ဒီအတိုင်းသာဆို မျောက် သစ်ကိုင်းလွတ် ဖြစ်သွားနိုင်၏။
ယနေ့ည ပွဲစဉ်မှာ Man City ကသာ Chelsea ကို နိုင်လိုက်ရင် Arsenal တို့ ဖိအား တိုးလာနိုင်၏။ Chelsea အိမ်ကွင်းဆိုပေမဲ့ City အနေဖြင့်လည်း အခွင့်အရေးကို အမိအရ ယူဖို့ ကြိုးစားလာနိုင်၏။ ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲကတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။
(photos from Premier League Page)