FA Cup Quarter Final အဖွင့် ပွဲစဉ်မှာ Man City တို့ အစွမ်းကုန် ကစား ပြသွားခဲ့၏။ Liverpool အသင်းကို ၄ ဂိုးပြတ် သွင်းယူပြီး Semifinal အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ ဒီ နှစ်သင်း၊ ဒီ လောက် ဂိုးပြတ်သွားမယ်လို့ မထင်ခဲ့ပေ။ အသင်းကြီးချင်း တွေ့ဆုံမှုက တခါတလေမှာ မထင်မှတ်ဘဲ ဂိုးပြတ်သွားတာမျိုးလည်း ရှိ၏။ သို့ပေမဲ့ ခုလို ဖလားပြိုင်ပွဲကိုမှ ကွာတားဖိုင်နယ် အဆင့်ဆိုတော့ အံ့ဩစရာတွေ ဖြစ်သွားခဲ့၏။
City တိုက်စစ်မှူး Haaland က Hat Trick သွင်းယူသွားခဲ့လေ၏။ ကျန် ၁ ဂိုးကိုတော့ Semenyo က သွင်းယူကာ City တို့အတွက် ဂိုးပြတ် နိုင်ပွဲကို ရယူပေးသွားခဲ့၏။ ဒုတိယပိုင်း ၆၄ မိနစ်မှာ ရရှိခဲ့သည့် ပင်နယ်တီကိုသာ Salah သွင်းယူနိုင်ခဲ့ရင် Liverpool အတွက် လမ်းစ ဖြစ်ပေါ်လာနိုင်ပေလိမ့်မည်။ သို့သော် အဆိုပါ ပင်နယ်တီကို လွဲချော်သွားသည့် အတွက် Liverpool တို့ ပြန်လာနိုင်ဖို့ လမ်းစ မရှိတော့ဘဲ Man City ကို အရှုံးပေးခဲ့ရလေတော့၏။
Chelsea vs Port Vale ပွဲစဉ်မှာတော့ ပထမပိုင်း ၂ မိနစ်မှာ ကတည်းက Chelsea တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့၏။ ထို့နောက် Chelsea ကပဲ ဂိုးတွေ ဆက်လက် သွင်းယူပြီး ၇-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ငါတို့လည်း ဖလား ယူချင်သေးတယ်ဆိုတဲ့ ဖလားများရှင်၏ ထက်သန်မှုများကို မြင်ခဲ့ရ၏။
မနက် ၁ နာရီခွဲမှာ ကစားသွားသည့် Southampton vs Arsenal ပွဲစဉ်မှာတော့ အံအားသင့်ဖွယ် Arsenal တို့ ၂-၁ ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ Championship အဆင့် ၇ အသင်းက EPL အဆင့် ၁ အသင်းကြီးကို FA Cup Quarter Final အဆင့်မှာ ဖြုတ်ချထားခဲ့လေတော့၏။ ဖလား ၄ လုံး လမ်းကြောင်းကနေ Arsenal တို့ ထပ်မံ သွေဖယ်ရပြန်၏။ EFL Cup မှာတုန်းက Final ခု FA Cup မှာတော့ Quarter Final အဆင့်ဖြင့် နှုတ်ဆက် ထွက်ခွာ သွားခဲ့ရလေတော့၏။ EPL နှင့် UCL သာ ကျန်လေတော့၏။
ဒီနေ့ည ၁၀ နာရီမှာတော့ West Ham vs Leeds တို့ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်၏။ EPL မှာ ရှင်သန် ကျန်ရှိနေရေး ရုန်းကန် နေရသည့် ၂ သင်း တွေ့ဆုံမှုကလည်း စိတ်ဝင်စားစရာပင်။ West Ham က ၂၉ မှတ်ဖြင့် အဆင့် ၁၈၊ Leeds က ၃၃ မှတ်ဖြင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေ၏။
(photos from Emirates FA Cup)