EPL Round 30 ပွဲစဉ်များ စနေမှာ ၂ ပွဲ၊ တနင်္ဂနွေနေ့ မနက်အစောမှာ ၃ ပွဲ ကစားသွားခဲ့၏။ Burnley vs Bournemouth ပွဲစဉ်မှာ ဘယ်သူ့ ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေ ရလဒ်ဖြင့်သာ ပွဲပြီး သွားခဲ့၏။ Bournemouth အနေဖြင့် EPL မှာ ၁၀ ပွဲဆက် ရှုံးပွဲ မရှိသည့် မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့လေ၏။ ၁၀ ပွဲမှာ ၄ ပွဲနိုင်ပြီး ၆ ပွဲ သရေကျထားသဖြင့် ရလဒ်အားဖြင့် အဆိုးကြီး မဟုတ်သလို အကောင်းတော့လည်း မဟုတ်နေပြန်ပေ။
Sunderland vs Brighton ပွဲစဉ်မှာတော့ ဧည့်သည် Brighton အသင်းက ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ယခုနိုင်ပွဲကြောင့် Brighton တို့ Sunderland ၏ အထက် အဆင့် ၁၁ နေရာသို့ တက်လှမ်းခဲ့ပြီး Sunderland ကတော့ အဆင့် ၁၃ နေရာသို့ ဆင်းသွားခဲ့ရလေ၏။ Chelsea အသင်း အနေဖြင့် အိမ်ကွင်းမှာ New Castle ကို ၀-၁ ဖြင့် ရှုံးနိမ့်ပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့၏။ UCL မှာ PSG ကို ၅-၂ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခု EPL မှာပါ ရှုံးပွဲ ထပ်မံကြုံတွေ့ ရခြင်း ဖြစ်၏။
လိုက်လေ ဝေးလေ၊ မှီခါနီးမှ အလှမ်းခက် ဖြစ်နေတာက Man City ဖြစ်၏။ West Ham ကို အဝေးကွင်းမှာ ၁-၁ သရေကျသွားခဲ့လေ၏။ တန်းဆင်းဇုန်က လွတ်ဖို့ West Ham တို့ ရုန်းကန် အားထုတ်လာပြီ ဖြစ်၏။ လောလောဆယ် ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၁၇ နေရာမှာ ရပ်တည်နေ၏။ ယခုပွဲ သရေကျမှုကြောင့် City အနေဖြင့် Arsenal နှင့် (၁ ပွဲလျော့) ၉ မှတ်ကွာ အနေအထားသို့ ရောက်သွားခဲ့လေ၏။
Man City သရေကျမှုကို အခွင့်အရေးယူပြီး အမှတ် ထပ်ဖြတ်လိုက်တာကတော့ Arsenal ဖြစ်လေ၏။ Everton ကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ၂ ဂိုးလုံးကို ပွဲပြီးခါနားနီးမှ သွင်းယူခဲ့နိုင်ခြင်း ဖြစ်လေ၏။ ၈၉ မိနစ်နှင့် ၉၀+၇ မိနစ်တို့မှာ လိုအပ်နေသည့် ဂိုးတွေကို သွင်းယူ သွားခဲ့ခြင်း ဖြစ်၏။
ဒီနေ့မှာတော့ ကျန်ရှိနေသေးတဲ့ ပွဲစဉ်တွေထဲ စိတ်ဝင်စားစရာ ပွဲစဉ် ၂ ပွဲကို ရွေးထုတ်လို၏။ Man United vs Aston Villa နှင့် Liverpool vs Tottenham တို့၏ ပွဲစဉ်တွေ ဖြစ်၏။ Man United vs Aston Villa ပွဲစဉ်ကတော့ အဆင့် ၃ နေရာကို လုကြရမယ့် ပွဲစဉ် ဖြစ်လေ၏။ United အနေဖြင့် ပြီးခဲ့သော တပတ်မှာ New Castle ကို တယောက်အသာနဲ့ကို ၂-၁ ဖြင့် ရှုံးနိမ့်ထား၏။ တဖြည်းဖြည်း United ၏ ကစားပုံက အနည်းငယ် လျော့တိလျော့ရဲ ဖြစ်လာခဲ့၏။ Michael Carrick အနေဖြင့်လည်း အသင်းကို စတင် ကိုင်တွယ်စတုန်းကလိုမျိုး မဟုတ်တော့ဘဲ စွမ်းဆောင်မှုတွေ လျော့ကျလာသည်ဟု ဆိုရမည် ဖြစ်၏။
Liverpool အနေဖြင့် Man United vs Aston Villa တို့ တွေ့ဆုံနေမှုကို အခွင့်အရေး အရယူနိုင်ဖို့ လိုမည် ဖြစ်၏။ တဖက်မှာလည်း တန်းဆင်းဇုန်နား ရောက်နေသည့် Tottenham အနေဖြင့် Liverpool ကို အကောင်းဆုံး ပြန်လည် တုန့်ပြန် ကစားဖို့ လိုမည် ဖြစ်၏။ ဥရောပ ပြိုင်ပွဲ ဝင်ခွင့်နှင့် တန်းဆင်းဇုန်က ဝေးဖို့ ရုန်းရမည့် အသင်းတို့၏ တွေ့ဆုံမှုက ကြည့်ကောင်းမှာ အသေအချာပင်။
(photos from Premier League Page)