
ဒီနေ့တော့ ကျနော်လည်း Facebook တို့ TikTok တို့ စကားနဲ့ ပြောရရင် Trend ထဲ ပါဝင်ခွင့်ရသည်ဟု ပြောရမည်။ ကောင်းသော Trend တော့ မဟုတ်ပေ။ မကောင်းသော၊ အဆင်မပြေသော၊ စိတ်ညစ်ရသော Trend ဖြစ်ချေ၏။ ဟုတ်ကဲ့ စီးတော်ယာဉ် ဆိုင်ကယ် အတွက် ဓါတ်ဆီ သွားတန်း စီခဲ့ရခြင်း ဖြစ်၏။ ကိုဟင် ရေးခဲ့ဖူးသည့် တန်းစီခြင်းသည် မြို့တော် ရန်ကုန်မှသည် အခြား နယ်မြို့များထံသို့ပါ ပျံ့နှံ့လို့ လာပြီ ဖြစ်၏။ လက်ရှိ လူတွေ တန်းစီနေသည့် နေရာတွေကတော့ စားသုံးဆီဆိုင်နှင့် သယ်ယူပို့ဆောင်ရေး ဆီဆိုင်တွေ ဖြစ်၏။
စားသုံးဆီကတော့ စားအုန်းဆီ ဖြစ်၏။ အခြေခံ လူတန်းစားတွေ အများဆုံး သုံးကြသည့် ဆီလည်း ဖြစ်၏။ ထိုသို့ ပြောသဖြင့် ကျနော်တို့က ချမ်းသာသော လူတန်းစားဟု မဆိုလိုပေ။ ကျနော်တို့လည်း အခြေခံ လူတန်းစားပါပဲ။ အခြေခံထက် နည်းနည်းလေးသာ သာသည့် သာမန် လူတန်းစားဟု ပြောလို့ရမည်။ ပြီး အိမ်မှာက စားအုန်းဆီ မသုံးပေ။ ပဲဆီ၊ နေကြာဆီနဲ့ အခြား ဆီတမျိုးရယ်။ အခြားဆီက ဘာဆီလို့ရယ် မခေါ်တတ်။ ကျန်းမာရေး အတွက် အဆင်ပြေမယ်လို့တော့ ထင်မှတ်ရတာပါပဲ။ ယခင်တုန်းကတောင် စားသုံးသူ စီစစ်ရေး အဖွဲ့အစည်းက အလုပ် ကောင်းကောင်း မလုပ်ခဲ့တာ မလား။ ခုချိန် ပိုဆိုးပေါ့။ စားအုန်းဆီလောက် ကျန်းမာရေး မထိခိုက်ရင် တော်ပါပြီလေ။
ပဲဆီ အစစ်ကလည်း ဒီအချိန် ဒီကာလ အနား မကပ်နိုင်တော့ပေ။ ဆန်နဲ့ဆီ ရှိရင် ရပြီ ကျန်တာက အဆင်ပြေသလိုပေါ့ ဆိုပေမယ့်လည်း အဆိုပါ ဆန်၊ ဆီကို အလျင်မီအောင် အတော်လေး လုပ်ယူနေရ၏။ ဒုက္ခ ကိုယ်စီ ပိုင်ဆိုင်နေကြသူတွေ မလား။ အနည်းအများ အကြီးအသေးသာ ကွာပေလိမ့်မည်။ စားသုံးဆီ အတွက် မပူရပေမယ့် သယ်ယူပို့ဆောင်ရေး၊ စက်သုံးဆီ အတွက်တော့ ပူနေရ၏။

ဒီရက်ပိုင်း စက်သုံးဆီ ပြတ်လပ်မှုက တော်တော်ဆိုးဆိုးပင်။ ယခု တကြိမ်က ကျနော်တို့ မြို့ အနေနဲ့ဆိုရင် ဒုတိယအကြိမ်ဟု ပြောလို့ရမည်။ ပထမတကြိမ်ကတော့ ပြီးခဲ့သော နှစ်က ဖြစ်မည်ထင်။ အတိအကျတော့ မမှတ်မိတော့။ ပြီး ထိုတကြိမ်တုန်းက ကျနော် တန်းမစီလိုက်ရပေ။ အချိန်အကြာကြီး ပြတ်လပ်ခြင်း မရှိဘဲ ခဏနဲ့ ပြန် အဆင်ပြေသွားခဲ့တာလည်း ပါ၏။ ယခု တကြိမ်ကတော့ ပိုကြာ၏။
လူကောင်းကောင်း မစားရချင်နေ ဆိုင်ကယ်တော့ ကောင်းကောင်းလေး အဆင်ပြေအောင် ဓါတ်ဆီကို 92 အစား၊ 95 သာ ထည့်၏။ ခု ဆီတွေ စပြတ်တော့ 95 မှ ဆိုပြီး တင်းခံထားသေး၏။ ဖြစ်ချင်တော့ ဆီ ရသည့် နေရာတွေမှာက 92 သာ ရ၏။ ဒါတောင် နာရီအတော်ကြာ တန်းစီမှ ရမည် ဖြစ်၏။ ဆိုင်ကယ် ဆီတိုင်ကီထဲ ဆီလေး ကျန်နေသေးတော့ 95 ရမှာပဲ ထည့်မယ်ကွာ လုပ်ထားသေး၏။ နို့ပေမယ့် တရက်ကနေ နှစ်ရက် ဖြစ်လာတော့ မလွယ်တော့ပေ။
95 က ဘယ်အချိန်မှ ရမည် မသိဘဲ တော်နေကြာ ဆိုင်ကယ်ထဲ ဆီမရှိမှ မောင်း မရ၊ ပြု မရ ဖြစ်နေဦးမည်။ သို့နှင့် ဒီနေ့တော့ ဘာဆီ ရရ ဆိုပြီး ဆီတန်းစီဖို့ ထွက်လာရတော့၏။ သူငယ်ချင်းတယောက် လှမ်းပြောပြပေးသည့် လူနည်းနည်း နည်းသည့် ဆီပန့်ကို သွားလိုက်၏။ နည်းသည် ဆိုပေမယ့် ကိုယ့်အလှည့် ရောက်ဖို့ တနာရီလောက်တော့ စောင့်လိုက်ရ၏။ 92 သာ ရ၏။ ရတာ ထည့်ပေါ့။ ဒါတောင် ဆီတိုင်ကီ အပြည့်မရ 5000 ဖိုးသာရ၏။ တလီတာ 2900 ကျော်ဆိုတော့ 5000 ဖိုးက နှစ်လီတာပင် မရ။ ရှိစေတော့။
တရက် နှစ်ရက်နေရင်တော့ ပြန်အဆင်ပြေပါပြီဟုလို့တော့ ဆီဆိုင်ကတော့ ဆို၏။ သိပ်တော့ ယုံချင်စရာ မရှိပေ။ ဘာပဲ ပြောပြော သူ့ စကားလေးကြောင့် လူအများ ချွေးသိပ်စရာတော့ ဖြစ်တာပေါ့လေ။ ဒုက္ခတွေနဲ့ နေသားကြနေသည့် ပြည်သူ ပြည်သားတွေ အတွက် နောက်ထပ် မည်သည့် ဒုက္ခတွေများ ထပ်လာဦးမည် မသိပေ။