UCL Round of 16 ဒုတိယကျော့ ပထမရက် ပွဲစဉ်များ ဒီမနက်မှာ ကစား၏။ ထုံးစံ အတိုင်း မထင်မှတ်ထားသည့် ရလဒ်တွေ ထွက်ပေါ်လို့လာခဲ့၏။ Sporting CP vs Bodo/Glimt ပွဲစဉ်မှာတော့ အံ့အားသင့်ဖွယ် Sporting CP က ၅-၀ ဖြင့် အနိုင်ရပြီး ၂ ကျော့ပေါင်း ၅-၃ ဖြင့် ကွာတားဖိုင်နယ်ကို တက်ရောက်ခွင့် ရသွားခဲ့လေ၏။ ပထမကျော့မှာ ၃-၀ ဖြင့် ရှုံးနိမ့်ထားသဖြင့် Sporting CP တို့ ယခု အိမ်ကွင်းပွဲစဉ်မှာ သေချာ ပြင်ဆင်လာခဲ့၏။
လိုအပ်နေသည့် ဂိုးတွေကို ၃၄၊ ၆၁၊ ၇၈ မိနစ်တွေမှာ သွင်းယူခဲ့၏။ သာမန် ပွဲချိန် ပြည့်သည် အထိ ၂ ကျော့ပေါင်း ၃-၃ ရလဒ် တူနေသောကြောင့် အချိန်ပို ထက်ကစားရ၏။ အချိန်ပိုမှာလည်း Sporting CP ကသာ ၂ ဂိုး ထပ်မံ သွင်းယူပြီး ၂ ကျော့ပေါင်း ၅-၃ ဖြင့် နောက်တဆင့် တက်သွားခဲ့လေ၏။ Bodo/Glimt အနေနဲ့ ၁ ဂိုးမှ ပြန်မသွင်းနိုင်ခဲ့တာကတော့ စိတ်မကောင်းစရာ။ နော်ဝေး ကလပ် အနေနဲ့ ၁၆ သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရလေတော့၏။
Arsenal vs Bayern Leverkusen ပွဲစဉ်မှာတော့ Arsenal က ၂-၀ ဖြင့် နိုင်ပြီး ၂ ကျော့ပေါင်း ၃-၁ ဖြင့် နောက်တဆင့် တက်သွားခဲ့လေ၏။ အဝေးကွင်းမှာတုန်းက ၁-၁ သရေကျခဲ့ပေမဲ့ ဒုတိယကျော့မှာတော့ Arsenal က ၃၆၊ ၆၃ မိနစ်တွေမှာ ၂ ဂိုးဆက် သွင်းယူပြီး နောက်တဆင့် တက်ရောက်သွားခဲ့လေ၏။ Leverkusen page Admin ၏ ရယ်ပြုံးဖွယ် စာတိုလေးတွေ နောက်ထပ် မတွေ့မမြင်ရတော့တာက ဝမ်းနည်းစရာပင်။
ပထမကျော့ PSG ကွင်းမှာ ၅-၂ ဖြင့် ရှုံးနိမ့်ထားသည်မို့ Chelsea အနေဖြင့် ယခု ဒုတိယကျော့ အိမ်ကွင်း ပွဲစဉ်မှာ ၃ ဂိုးထိ ပြန်လည်သွင်းယူနိုင်မှသာ နောက်တဆင့် အတွက် မျှော်လင့်လို့ရမည် ဖြစ်၏။ တကယ်တမ်းမှာတော့ PSG ကသာ ၃ ဂိုးသွင်းပြီး ၂ ကျော့ပေါင်း ၂-၈ ဖြင့် နောက်တဆင့် တက်ရောက် သွားခဲ့လေ၏။
Chelsea လမ်းစဉ် လိုက်သွားသည့် နောက်ထပ် အင်္ဂလန် အသင်း တသင်းကတော့ Man City ဖြစ်လေ၏။ Real Madrid ကို အိမ်ကွင်းမှာ ၁-၂ ဖြင့် ရှုံးပြီး ၂ ကျော့ပေါင်း ၁-၅ ဖြင့် ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာခဲ့ရလေ၏။ ပထမကျော့မှာတုန်းက ၃-၀ ဖြင့် ရှုံးနိမ့်ထားသည်မို့ အိမ်ကွင်းမှာ ပြန်လာနိုင်ဖို့ ကြိုးစားထားပေမဲ့ ပထမပိုင်း မိနစ် ၂၀ မှာတင် City ကစားသမား Bernardo Silva တိုင်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ် ခံခဲ့ရ၏။ Real Madrid အတွက် ပထမကျော့မှာ Valverde က ၃ ဂိုးလုံး သွင်းခဲ့သလို ဒုတိယကျော့မှာလည်း Vinicius Jr က ၂ ဂိုးလုံး သွင်းယူ ပေးသွားခဲ့ခြင်း ဖြစ်၏။
(photos from UCL page)