EPL Round 31 ရဲ့ ပွဲစဉ်အချို့ မနေ့ညနဲ့ ဒီနေ့ မနက် အစောတွေမှာ ကစားသွားခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ပြောရရင် အသင်းကြီး အခြေမလှတဲ့ ရက်သတ္တပတ်လို့ ဆိုရမှာပါ။ မနေ့က အစော ပွဲစဉ်မှာ United က Bournemouth နဲ့ ၂-၂ သရေကျခဲ့ပါတယ်။ Liverpool က Brighton အဝေးကွင်းမှာ ကို ၂-၁ ဖြင့် ရှုံးခဲ့ပါတယ်။ Chelsea ကလည်း Everton ကို အဝေးကွင်းမှာ ၃-၀ နဲ့ကို ရှုံးသွားခဲ့ပါတယ်။
United ရဲ့ သရေကျမှုအပေါ်မှာ Liverpool တို့ အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။ သူတို့သာ Brighton ကို အနိုင်ရမယ်ဆိုရင် အမှတ်ကွာဟချက်ကို လျော့ချပြီး အနီးကပ် ဖိအားဆက်ပေးနိုင်မှာ ဖြစ်ပေမဲ့ ခုလို ရှုံးနိမ့်သွားရတော့ နည်းနည်းခက်ခဲသွားနိုင်ပါတယ်။ Liverpool အနေနဲ့ United နဲ့ ၆ မှတ်ကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ အဆင့် ၄ က Aston Villa နဲ့ (လောလောဆယ် Aston Villa က Round 31 မကစားရသေး) ၂ မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။
Chelsea သာ Everton ကို အနိုင်ရခဲ့ရင် Liverpool တို့ အဆင့် ၆ နေရာကို ဆင်းသွားရနိုင်ပါတယ်။ ဖြစ်ချင်တော့ Chelsea ကလည်း Everton ကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးသွားပြီး အဆင့် ၆ နေရာမှာပဲ ဆက်ရှိနေပါတယ်။ Liverpool နဲ့ Chelsea က ၁ မှတ်သာ ကွာပါတယ်။ Chelsea ကို အနိုင်ရသွားတဲ့ Everton အနေနဲ့က အဆင့် ၈ နေရာထိ တက်လှမ်းလာခဲ့ပြီး Chelsea နဲ့ ၂ မှတ်သာ ကွာတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒီနေ့မှာ New Castle vs Sunderland, Aston Villa vs West Ham, Tottenham vs Nottm Forest တို့ရဲ့ ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပါတယ်။ Aston Villa အနေနဲ့ West Ham ကို အနိုင်ကစားထားမှသာ United နဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ United က ၅၅ မှတ်၊ Aston Villa က ၅၁ မှတ်ပါ။ Aston Villa သာ West Ham ကို နိုင်ခဲ့ရင် ၅၄ မှတ်နဲ့ ၁ မှတ်သာ ကွာတော့မှာပါ။ West Ham အနေနဲ့ကလည်း Aston Villa ကို အကောင်းဆုံး တုန့်ပြန်ကစားဖို့ ရှိနေပါတယ်။ Tottenham vs Nottm Forest တို့ တွေ့ဆုံနေမှုကြောင့် သူတို့ ၂ သင်းသာ သရေ သို့မဟုတ် တသင်းသင်းက ရှုံးသွားပြီး West Ham ကသာ Aston Villa ကို နိုင်လိုက်မယ်ဆိုရင် တန်းဆင်းဇုန်က လွတ်သွားမှာ မို့ပါ။
ဒီနေ့မှာ EPL ပွဲစဉ်အပြင် EFL Cup ဗိုလ်လုပွဲလည်း ကစားသွားဖို့ ရှိနေပါသေးတယ်။ Arsenal vs Man City တို့ ယှဉ်ပြိုင်ကစားကြမှာပါ။
(photos from Premier League Page)