မီးတွေက မှန်မှန်လေး ပျက်နေ၏။ ပျက်တဲ့ အပျက်က လာချိန်မှာပါ ပျက်၏။ အချိန်ဇယားတွေ ဘာတွေ ထုတ်ပြန်ထားသော်လည်း ပျက်ချင် သလို ပျက်၍ လာချင်သလိုသာ လာလေ၏။ အတော် ဆိုး၏။ မီးက မလာ၊ မမှန်တော့ အတော်လေး ဒုက္ခ ရောက်၏။ ချက်ရေး ပြုတ်ရေး လျှော်ရေး ဖွတ်ရေးက အစပေါ့။ ခုလို ပူချိန်ကြ အဲကွန်း၊ ပန်ကာ ဖွင့်လိုသူတွေ အဖို့ မီးက မလာတော့ ဘာမှ လုပ်မရပေ။ ပူတယ် ပူတယ် ထိုင်ရွတ်ပြီး ယပ်ခတ်နေကြ ရုံပေါ့။ တချို့တွေကတော့ စောင်ပါးရေစွတ်ပြီး ပြတင်းပေါက် နားမှာ လွှားကြတာမျိုးတွေ လုပ်ပေါ့။ မရ၊ ရသည့် နည်းဖြင့် အပူကို အံတု ကြရ၏။
မီးလာတုန်း ရေပြေးတင်၊ မီးလာတုန်း အဝတ်လျော်၊ မီးလာတုန်း ထမင်းဟင်းချက်နဲ့ တခြား လုပ်နေတာ ရှိရင်လည်း ရပ်ထားပြီး လုပ်ရ၏။ ဒီကြားထဲ အားလုံးက စုပြုံအသုံးပြုကြတော့ မီးအားက အဝင်နည်းနေပြန်သေး၏။ တခါတလေ ချက်ရင်း ပြုတ်ရင်း တန်းလန်း မီးက ပျက်တတ် ပြန်သေး၏။ မြန်မာနိုင်ငံမှာ လူဖြစ်ရတာ သိပ်ကို ကောင်းလှ၏။
အားသွင်းမီး၊ ဆိုလာမီး၊ power bank တွေ ရောင်းကောင်း၏။ တပ်နိုင်သူတွေကတော့ solar တွေ ဘာတွေ ဆင်ကြ၏။ ဆိုလာကလည်း ပစ္စည်းဖိုးတင် မဟုတ် တပ်ဆင်ခကလည်း စျေး မသေးလှပေ။ သဘာဝကနေ ရသည့် စွမ်းအင်ဆိုတော့ တပ်ထားပြီးရင် ၅ နှစ်၊ ၁၀ နှစ်ကတော့ အသာလေးပင်။ နိုင်ငံခြားက လူတယောက်ဆို ဆိုလာ တပ်ထားပြီး ပိုလျှံသည့် ယူနစ်တွေကို အစိုးရဆီ ပြန်ရောင်းတယ် ဆိုလားပဲ။ မြန်မာနိုင်ငံ မှာတောင် တလောက ဆိုလာဆင်ထားသူများ ယူနစ် ရောင်းချနိုင်ကြောင်း ကြင်စိုး လက်ထက် epc က စကားခေါ်ထားသေး၏။
ဓာတ်အားခွဲရုံတွေမှာပါ ဆိုလာ တပ်နေရသည့် ပိုစ့်တွေကတော့ တကယ့်ကို စိတ်ပျက်စရာပင်။ မသိရင် ပြည်သူတွေကို လှောင်ပြောင်နေသလိုပင်။ အနှစ်နှစ် အလလ တည်ဆောက်ခဲ့ရသည့် တိုင်းပြည်သည် ကြင်စိုး လက်ထက် ၂ နှစ် အတွင်းမှာ တော်တော်လေးကို အခြေအနေ ဆိုးသွားခဲ့ ပြီ ဖြစ်၏။
အိမ်မှာလည်း wifi စက်အတွက် power bank ဆောင်ထားရ၏။ မီးပျက်ချိန်မှာပါ internet သုံးလို့ရအောင်ပေါ့။ မီးလာရင် ဖြုတ်၊ မင်းပျက်ရင် တပ်နဲ့ နည်းနည်းတော့ အလုပ်ပို၏။ အလုပ်ပို ပေမယ့်လည်း data ဖိုးနဲ့ ပြန်တွက်ကြည့်ရင် တန်သည်ဟု ပြောရပေမည်။ လက်ရှိ data စျေးတွေက မျက်ခုံးလှုပ်စရာပင်။
ဆက်ရန်