Steemit မှာတုန်းက movies review လေးတွေ ရေးဖြစ်၏။ ရေးဖြစ်တာမှ တော်တော်ကို ရေးဖြစ်ခဲ့၏။ Saturday & Sunday တွေတိုင်း Weekend movies ဆိုပြီး တပတ်ကို နှစ်ပုဒ် ရေးဖြစ်၏။ Steemit ကနေ Hive အပြောင်းမှာတော့ မရေးဖြစ်တော့ပေ။ ဘာလို့ မရေး ဖြစ်သလဲ ဆိုတော့ တိကျသော အဖြေ ကျနော့်မှာ မရှိနေပေ။ ဒီအတိုင်း မရေး ဖြစ်နေခြင်းလို့သာ ဖြေရပေလိမ့်မည်။
နေ့တိုင်း ပိုစ့်တင်ဖို့ ကြိုးစားရတာက ထင်သလောက် မလွယ်လှပေ။ ယခင်က ခုလို ပုံချည်းချည်း တင်လို့ရသည့် DBuzz တို့ဘာတို့ မရှိသေးပေ။ ထို့ကြောင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ စာလေး ကဗျာလေး အတိုအစလေးတွေတော့ ရေးမှကို ရ၏။ နေ့တိုင်း ပိုစ့်တင်နိုင်ဖို့ နေ့တိုင်း စာရေးနေဖို့ လို၏။ ခက်တာက ကိုယ်တွေက စာရေးဆရာတွေမှ မဟုတ်ဘဲ။ နို့ ဒါဖြင့် နှစ်ရက် တခါ၊ သုံးရက် တခါ ပိုစ့်တင်ပေါ့ ဆိုပြန်တော့လည်း မဟုတ်သေးပြန်။ နေ့စဉ် တရက်မပျက် တင်ချင်၏။ အဲ့မှာ ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်ရတော့၏။
ရေးစရာက အမြဲ ရှိနေတောင် ရေးချင်စိတ်က အမြဲ မရှိနေပေ။ လူ့စိတ်က ခက်သားရယ်။ တခါတလေကျ ရယ်ရသား ရေးချင်စိတ် ရှိပေမယ့် ရေးစရာ၊ ဘာရေးရမှန်း မသိ ဖြစ်ရပြန်၏။ ထိုသို့ ဖြစ်ခြင်းက ဖြေရှင်းလို့ လွယ်၏။ အဓိကက ရေးချင်စိတ် မရှိလျှင်သာ ပြဿနာ တက်တော့၏။
စာရေးချင်စိတ်က hive စျေးနှင့်လည်း အနည်းနှင့်အများတော့ ပတ်သက်နေသား။ hive စျေး 0.1$, 0.2$ လောက်တုန်းက ဆိုလျှင် ရေးပါဟ လုပ်ပါဟနဲ့ ကိုယ့်ကို ပြန်တွန်းအားပေး အတင်းရေးခိုင်းနေရ၏။ စျေးနည်းနေတော့ စိတ်က မပါချင် ပါချင်ရယ်။ ဒါပေမယ့် ကိုဟင် ပြောဖူးသည့် စျေးနည်းနေတုန်းပဲ power က စုနိုင်မှာ စျေးများလာရင် power စုဖို့က ခက်တယ် ဆိုသည့် စကားကြောင့်ပင် ဘာပဲ ဖြစ်ဖြစ် ဘယ်လောက် ရရ power စုမယ်ဆိုပြီး ကြိုးစား ရေး၏။
ထိုစိတ်နှင့်ပင် ကိုဟင်ပြောသည့် crypto currency သွေးစွန်းသော နေ့ရက်များကို တောင့်ခံ ဖြတ်ကျော်ခဲ့၏။ ဒါတောင် ကိုယ်က trader မဟုတ် သည့် စာရေးပြီး cryptocurrency ရှာသည့် သူသက်သက် ဖြစ်နေလို့သာပေါ့။ ကိုယ် လုပ်တတ်တာကလည်း ဒါလေးပဲ ရှိတာကိုး။ ယခုဆိုရင် ပုံမှန် စာပြန်ရေးမည့် အကျင့်ကို ပြန်မွေးယူထား၏။ အနှီအကျင့် ဘယ်အချိန် ကိုယ့်ထံက ပြန်ထွက်သွားမည်ကိုတော့ မသိသေးပေ။
ယခု တကြိမ်မှာတော့ အကြာကြီး သို့မဟုတ် ထာဝရ မြဲသွားနိုင်ဖို့ မျှော်လင့် ထား၏။ စိတ်သာရှင်စောဟု ရှင်တော်ဘုရား ဟောခဲ့သည် မဟုတ်လား။ ဘာတွေ ဘယ်လို ရေးမည်ကို အစီအစဥ် ပြန်ချထား၏။ ယခင်လို movies review တွေလည်း ပြန်ရေးရပေလိမ့်ဦးမည်။ ရေးစရာက ရှိပါရဲ့ ရေးချင်စိတ် ရှိဖို့ပဲ လိုနေတာ မလား။