ဒီနေ့ ဘာနေ့ ...
စနေ နေ့လေ။ စနေ နေ့တင်ပဲလား ...
အိုး ... ဟုတ်သား လကုန်၊ လစာ ထုတ်ရက် ဖြစ်ချေ၏။ အချို့ကတော့ မနေ့ကတည်းက လစာ ထုတ်ပြီးတာမျိုး ရှိမယ်။ အချို့ကတော့ ဒီနေ့မှပေါ့။ ဘာပဲ ပြောပြော အများစုကတော့ ဒီနေ့ လစာ ရကြမယ် ထင်ပါ၏။
ကဲ လစာ မိမိ လက်ထဲ ဘယ်လောက်ကျန်လဲ။ အပြည့်လား၊ သုံးပုံ နှစ်ပုံလား၊ သုံးပုံ တပုံလား၊ နို့ ဒါမှ မဟုတ် သားရေပင်လေးပဲ ကျန်သလား။ ကိုယ့်လူတွေက အဲ့လောက်ထိတော့ အခြေအနေ မဆိုးလောက်ဘူး ထင်ပါရဲ့ဗျာ။ ဟုတ်တယ် မလား။ ကျန်တော့ ကျန်ဦးမှာပါ။
မိမိ ကိုယ်သာ ကိုးကွယ်ရာတဲ့။ အဲ့လိုပဲ မိမိ ကိုယ်ကိုလည်း တန်ဖိုးထားဖို့ လိုသေးသပေါ့။ (ကိုကို မဟုတ်ဘူးနော် ကိုယ့်ကို) ကျနော်တို့ အများစုက တခါတလေ ကိုယ့် အတွက်ကိုယ် မေ့နေကြတာ များ၏။ ကိုယ့် တန်ဖိုး ကိုယ်မေ့၊ ကိုယ့်ကို တန်ဖိုးထားဖို့ ကိုယ်မေ့နဲ့။ သူများက ချီးကျူးမှ မဟုတ်ဘူး၊ ကိုယ့်ကိုလည်း ချီးကျူးလို့ ရတာပဲလေ။ ကိုယ် တော်လို့၊ လိမ္မာလို့၊ အကောင်းဆုံး လုပ်ဆောင်ကြိုးစားခဲ့လို့၊ ကိုယ့်ကို ပြန်ဆုချ၊ ချီးကျူး၊ ကျေးဇူးတင်လို့ ရတာပဲလေ။ ဟုတ်ဘူးလား။
မိတ်ဆွေတို့တော့ မသိဘူး။ ကျနော်ကတော့ နေ့ရက်တိုင်း ကိုယ့်ကို အပြစ်တင်လေ့လည်း ရှိသလို၊ ချီးကျူး ဂုဏ်ပြုတာလည်း ရှိတယ်။ ချီးကျူး ဂုဏ်ပြုတာကတော့ ပိုများတာပေါ့လေ။ ကိုယ့် ငါးချဉ် ကိုယ်မှ မချဉ် ဘယ်သူ လာချဉ် မလဲလေဗျာ နော့်။ နေ့လည် နေ့ခင်းလေး ကော်ဖီ ဘာညာ ဖျော်သောက်ရင်တောင် ဒီနေ့ အကောင်းဆုံး ကြိုးစားနေတဲ့ ငါ၊ ခဏနေလည်း ဆက်လက်ပြီး အကောင်းဆုံး လုပ်ဆောင် ဖြတ်သန်းဦးမှာ ဆိုတော့ ဒီလို လူမျိုးကို ကော်ဖီ တခွက်လောက်တော့ ဂုဏ်ပြုသင့်တာပေါ့။ အဲ့လို အဲ့လိုလေးတွေ နဲ့ပေါ့။
တလတာ အကောင်းဆုံး ကြိုးစား ဖြတ်သန်းခဲ့ပြီးနောက် လကုန်ရက်သို့ ရောက်ခဲ့ပြီ။ ကိုယ့်ကို ဂုဏ်ပြုသင့်တာပေါ့။ ဟုတ်ဘူးလား။ အဲ တခု ရှိတာက ဂုဏ်ပြုလည်း မလွန်သွားနဲ့ဦးဗျို့ တော်နေကြာ သားရေပင်ပါ မကျန် ဖြစ်သွားမယ်။ အသုံးအဆောင် ပစ္စည်း၊ အဝတ်အစား၊ အရုပ် ဘာညာနဲ့ ကိုယ့်ကို ဂုဏ်ပြုတာမျိုးလည်း ရှိမယ်။ အစားအသောက် ဘာညာနဲ့ ဂုဏ်ပြုတာမျိုးလည်း ရှိမယ်။ အစားအသောက်နဲ့ ဂုဏ်ပြုမယ် ဆိုရင်တော့ ဒီနေ့ အတွက် ဆိုင်လေး တဆိုင်နဲ့ မိတ်ဆက် ပေးပါရစေ။
ဟုတ် ဆိုင်နာမည်က Lux Street ပါ။ ကျနော်တို့ အကင်တန်းလို့ ခေါ်နေကြတဲ့ ပြည်နယ် စိုက်ပျိုးရေးဘေးက အကင်တန်းမှာ ရှိတာပါ။ ဒီဆိုင်လေးကို သွားသွား ထိုင်ဖြစ်နေတာ နည်းနည်းတော့ ကြာလာပါပြီ။ ဝန်ဆောင်မှု ကောင်းတယ်၊ အစား အသောက်တွေ ဈေးတန်တယ်။ စည်ဘီယာလည်း ရတယ်။ အကင် ဘာညာ၊ အကြော်အလှော်တွေလည်း ရတယ်။ ခုဆို sour တွေပါ ရနေပြီ။ Rum, Gim, Vodka, Whiskey အစ ရှိပြီးတော့ပေါ့။ တခြား အဖျော်၊ အရော ဘာညာ သောက်စရာတွေလည်း ရနိုင်ပါတယ်။
ပြီး promotion လည်း ရှိတယ်။ sour နှစ်ခွက်ဆိုရင် တခွက် အပို ရမယ်။ စည်ဘီယာ (Bawdar) ၃ ခွက် ဆိုရင် တခွက် အပို ရမယ်။ ဒါပေမယ့် အဲ့တာက လကုန် ဒီနေ့ နောက်ဆုံးပဲ။ (ဟီးဟီး) ဟ ဒီနေ့ပဲ လကုန် နေပြီလေ ခုမှ ထပြောရလားပေါ့။ အမှန်တော့ အဲ့ promotion အစီအစဉ် ရှိတာကို ကျနော်တို့ သိတာ ကြာပါပြီ။ စောစောက လက်တို့မိရင် လူအများကြီး လာထိုင်ရင် ကျနော်တို့ ထိုင်ဖို့ ဝိုင်းမရမှာ စိုးလို့။ (နောက်တာပါဗျ)
အမှန်တော့ ဒီဆိုင်လေးကို ရေးမယ် တေးထားတာ ကြာနေခဲ့ပါပြီ။ sour တွေ မရခင်၊ promotion တွေ မလုပ်ခင် ကတည်းက ဆိုပါတော့။ အကြောင်း အမျိုးမျိုးကြောင့် မရေး ဖြစ်နေခဲ့သေးတာပါ။ ခုလို နောက်ကျမှ ရေးပေး၊ အသိပေးမိလို့လည်း တောင်းပန်ပါတယ်။ Panda Food Express ရဲ့ promotion တုန်းကလည်း တရက်ကျန်၊ ဟော ခု Lux Street ရဲ့ promotion ကြပြန်တော့လည်း ဒီနေ့ နောက်ဆုံးတွေ မှ ပြောပြ ပေးမိလို့လည်း ထပ်မံ တောင်းပန်ပါတယ်။
Sour အရသာလေးတွေ မဆိုးဘူး။ ကိုယ်လိုချင်တဲ့ ပုံစံလေး ပြောပြီး မှာလို့လည်း ရတယ်။ နောက်ပိုင်းတော့ ပိုပြီး ကောင်းလာနိုင်လောက်တယ်။ စားစရာ အမြည်းတွေကတော့ ကျနော်တို့ မှာစားဖူးတာတွေ အကုန် နီးပါး ကောင်းတယ်။ လက်ဖက်သုပ်ကတော့ အမြဲ မှာနေကြပေါ့။ ဒီလို အကင်၊ အကြော်၊ အသောက်ဆိုင်မျိုးတွေထဲမှာ ထူးထူးခြားခြား လက်ဖက်သုပ်က စားကောင်းနေသလိုပါပဲ။ သောက်ရင်း မြည်းလို့ပဲလားတော့ မပြောတတ်။ ဒါပေမယ့် စားလို့ ကောင်းတာကတော့ အမှန်ပဲ။
ထမင်းကြော် ဘာညာလည်း စားကြည့်ဖို့ အကြံပြုပါရစေ။ မနေ့ တနေ့က သွားထိုင်တော့ ထမင်းကြော်ကတော့ စတိုင် ပြောင်းသွားတယ်ဗျ။ အားနာနာနဲ့ ပြောရရင် အရင် ထမင်းကြော် စတိုင်လေးကိုတော့ ပိုသဘောကျမိပါတယ်။ ဟင်းရည်သောက် ဘာညာ အတွက်ကတော့ ကျနော်တို့က တောင်းပြီး သောက်ပါတယ်။ အလကားချပေးတဲ့ ဟင်းရည်ဆိုပြီး အထင်တော့ မသေးနဲ့ သောက်လို့ ကောင်းသဗျ။ ယခုလို ရာသီဥတုဆို ကွက်တိ။ စည်ဘီယာ အနေနဲ့ ABC နဲ့ Bawdar ရပါတယ်။
လကုန်ရက်မို့ ကိုယ့်ကို ဂုဏ်ပြုပြီး ဘဝအမောပန်းတွေကနေ ခဏတာ ဖြေဖျောက်ချင်တယ် ဆိုရင်တော့ Lux Street လေးမှာ တခေါက်လောက် သွားထိုင်ကြည့်လိုက်ပါလို့။ Bawdar တွေနဲ့ ABC သီချင်းတွေ ဆိုနိုင်ကြပါစေ။
ဆိုင်လိပ်စာ
Facebook page
https://www.facebook.com/profile.php?id=100086051055440&mibextid=ZbWKwL
Phone :: 09 676 664 425
သီတာလမ်း (စိုက်ပျိုးရေး ရုံးဘေး လမ်းကြား)၊ အကင်တန်း၊ မင်္ဂလာဦး ရပ်ကွက်၊ တောင်ကြီးမြို့။
#LuxStreet
#FoodMyChoice
#PhyoeBakerySupply