နွေအပူက လေးဆယ့်တစ်ဒီကရီ ရှိပေသည်။
သင်္ကြန်အပြီး အပူတွေ လာချေပြီဆိုသလို။
သင်္ကြန်မှာ ပျော်ထားကြအုံးပေါ့ကွာ။ ပြီတော့မှ
မင်းတို့နဲ့ ငါတို့နဲ့ တွေ့မယ်ဆိုသလား အဲ့သလို
ကြိမ်ဝါးထားတာ ဖတ်လိုက်ရသည်။ ကျွန်တော်ရေး
ထားတာ နားမလည်ဖြစ်သွားမလားပဲ။ ကလိုဗျာ
မြန်မာပြည်သူတွေ သင်္ကြန်ပွဲတော်ကြီးမှာ
ပျော်ပါးမြူးတူးနေကြတာ တွေ့ခဲ့ကြတယ်မို့လား။
အဲ့သလိုပဲ မြန်မာပြည်သူတွေရဲ့ ဒုက္ခပေါင်းစုံ
ကိုလည်း တွေ့ကြမှာပါ။ လောင်စာဆီဒုက္ခ၊
ကုန်ဈေးနှုန်းဒုက္ခ နှင့် အခြားသော သောင်းခြောက်ထောင်
ဒုက္ခပေါင်းစုံကို ကျောကော့အောင် ခံစားကြရပါလိမ့်မည်။
အဲ့သဟာကို ရေးပြခြင်း ဖြစ်ပါသည်။
ယခုနှစ်မြန်မာသင်္ကြန်ပွဲက အတော်ကို စည်ကား
ပေသည်ဟု သတင်းတွေမှာ ဖော်ပြထားကြသည်။
ပျော်ကြပေမည်ပေါ့ အပျော်နဲ့ ဝေးကွာနေကြတာ
ကလား။ ပျော်လိုက်ကြတာ သူတို့မို့ ပျော်နိုင်လိုက်တာ။
ဒုက္ခရောက်နေကြသူတွေကိုမှ အားမနာ ပျော်ရက်
ကြပါပေ့။ စသဖြင့် အမျိုးမျိုးသော ဝေဖန်၊ လေကန်
သမှုများလည်း ရှိကြသည်။
အဲ့သလို၊ ထိုသို့ ပြောဆိုဝေဖန်သမှု ပြုကြသည်များ
ကလည်း လူ့သဘာဝပေကိုး။ ပျော်ကြတာလည်း
ပျော်ကြပေါ့။ စာနာသမို့ မပျော်နိုင်သူလည်း
ချီးကျူးပါတယ်ပေါ့။ မည်သို့ပင်ဖြစ်စေ ထိုသူတို့
အားလုံးသည် အဓိက ကိုဖြင့် အဓိကလို့ မှတ်ယူ
ထားကြပါရင်ဖြင့် ကိုယ့်စီ စိတ်ကူးတိုင်းက
လှပနေပါလိမ့်မည်။
လူ့ဘဝအချိန်တိုတိုမှာ ဘယ်ဟာက ဘယ်လိုဆိုတာ
လူတိုင်းနီးပါး အားလုံးသိကြသည်။ အမှန်လား၊
အမှားလား ဝေခွဲစရာမလိုအောင် ရှင်းလင်းသေချာ
နေသည်ကို သိမြင်ကြရသည်။ ထိုသည်ကိုမှ
ရေစုန်မှာ မျောရင်း သာယာနေကြသည်ဆိုပါရင်ဖြင့်
ပြောစရာစကားမရှိတော့ပါလေ။
ရေစုန်မှာ မျောမလား။
ရေဆန်မှာ လှော်မလား။
ရေစုန် မျောသူတွေက တဖက်၊ ရေဆန် လှော်သူတွေက
တဖက်။ ဘယ်သူတွေ ဘယ်လိုဖြစ်လာမလဲဆိုသည်က
အချိန်က ပြောပြပေးသွားမှာပါ။