အချစ်ဆိုတာ အတင်း အဓမ္မ လုပ်ယူလို့ မရ။
စတဲ့ အချစ်အကြောင်း အဆိုပါ စကားတစ်ခု
ရှိပေသည်။ သို့ပေသိ အချစ်ဆိုသည်က အနေနီးစပ်
သည့်အခါမှာ ဖြစ်ပေါ်တတ်ပြန်သည်။ တဖန်
အချစ်ဆိုသည်က အနေဝေးသွားသည့်အခါ ပျက်ပြယ်
သွားတတ်ပြန်သည်။ ဘာတဲ့ မီးဝေးချိတ်ပမာ
ဆိုသလား။ မီးနဲ့ အမြဲမပြတ် ထိတွေ့နေမှ ပူနေ
တတ်တဲ့သဘော။ ဒီတော့ အချစ်က မီးလား။
အချစ်နဲ့ တွေ့ဖို့ အချစ်ကို ခေါ်ခဲ့တယ်။ ဒီလိုဗျာ
အချစ်ဆိုတာက ဖိုမ သဘာဝ လို့ပြောရမလား။
ဟာ ဒီလူကြီးနဲ့ အချစ်ဆိုတဲ့ အင်မတန်သိမ်မွေ့တဲ့
သဘောကို ဘယ်နဲ့ ဖိုမ သဘာဝလို့ပြောရတာလဲ။
ဘာလို့ ဖို မ သဘာဝပြောရသလဲဆိုပါရင်။
အဝေးကြီးမတွေးနဲ့ဗျာ။ အဖို နဲ့အမ ဒီနှစ်ခု
တွေ့ဆုံမှ အချစ်ဆိုတဲ့ ဟာက ပေါ်တတ်တာကလား။
ဒါကြောင့် ဖို မ သဘာဝလို့ အလွယ်ပြောလိုက်တာပါ။
အချစ်ဆိုတဲ့ သူရဲ့ ခံစားချက်၊ အဓိပ္ပါယ်ကတော့
အမျိုမျိုးရှိမှာပါ။ ခံစားသူရဲ့ သဘော၊ သဘာဝပေါ်
မူတည်ပြီး အချစ်ရဲ့ အဓိပ္ပါယ်ကလည်း ကွဲပြားပေမည်။
ဟမလေး အချစ်အကြောင်း ရေးနေလိုက်တာ
လူကြီးမင်းက အချစ်ကို အတော်သိနေသလား။
ဆိုပါမူ သိပါဘူးဗျာ လို့ပြောရမည်။ ဂလိုဗျာ
တနေ့တုန်းက ကျုပ်အကို တာယာပွကြီးပေါ့
ခြံထဲဝင်လာတဲ့ ကြက်မတကောင်ကို မွေးယူ
ထားလေရဲ့။ ညဆို ထိုကြက်မက အိမ်ခေါင်မိုးပေါ်
တက်အိပ်သည်။ အိမ်သွပ်မိုးပေါ် မှာ ကြက်မ၏
တဂျောင်ဂျောင် လှုပ်သံကြောင့် ညတရေးနှိုး
အိပ်ပျက်ရသည်။
ကြက်မ မွေးပြီးသကာလ မပြီးသေးပေ။
ကြက်မအတွက် အဖော်ရအောင် ကြက်ဖတကောင်ကို
သူ့သူငယ်ချင်းက ခေါ်ယူလာခဲ့ပြန်သည်။
သူ့ရဲ့စိတ်ကူးကတော့ ကြက်မနဲ့ ကြက်ဖကို
ပေါင်းဖက်၍ ကြက်ဥ စားရမလား။ ကြက်သား
ပေါက်များပွားများလာမလား စိတ်ကူးသည်။
သို့ပေသိ အဲ့မှာ အချစ်နဲ့တွေ့လေသည်။ လူမှာ
အချစ်ရှိသလို ဒီကြက်နှစ်ကောင်မှာလည်း အချစ်
ရှိနေသလား။
အချစ်ဆိုသည်က ချစ်ပြီဆိုပါရင် မိုးမမြင်၊ လေမမြင်
ဖြစ်ကြတယ်လို့ ကြားဖူးတယ်။ ဒီကြက်နှစ်ကောင်
မှ အချစ်က တွန်းကန်အားဖြစ်စေသလား။
တာယာပွကြီးမှာ သူ့ကြက်မနဲ့ ကြက်ဖ ဘယ်တော့မှ
ပလူးမလဲဟု အရိပ်တကြည့်ကြည့် ကြည့်နေသည်။
ပထမနေ့မို့ ကြက်နှစ်ကောင်က စိမ်းလေသလား။
တညအိပ်လို့ နောက်ရက်မှာများ အဆင်ပြေမလား။
မနက်မိုးလင်း ကြက်ဖတွန်သံကြောင့် အစောကြီး
နိုးရတာက အဖတ်တင်ပေသည်။
ကြက်မနဲ့ ကြက်ဖအဖို့ အချစ်ကို မတွေ့ရှိရှာကြပေ။
တာယာပွကြီးလည်း ယနေ့မှ ဒင်းတို့ အချစ်မရှိရင်
နေပစေတော့။ တော်ကြာ သူများ ကြက်ဖ ပျောက်
သွားမှဖြင့် ကြက်ဥမရ ဘာမရ အလျှော်ပေးနေရအုံးမယ်။
တာယာပွကြီး၏ အပြောကို ကျွန်တော့်အမေက
ဝင်ပြောသည်။
"မင်းနှယ်ကွယ် ကြက်ဖကြီးက လှပါ့ရက်နဲ့ မင်း
ကြက်မက မင်းဖမ်းဆွဲထားလို့ နောက် မွှေးတောင်
မရှိရှာဘူး။ ကြက်ဖလည်း လှတဲ့ကြက်မမှ လိုက်ချင်
ရှာမှာပေါ့။ မင်းတောင် လှတာမက်ပြီး မရတာမို့ လူပျိုကြီးဖြစ်နေတာ"
"ဟာ အမေကလည်း ဘာတွေလာပြောနေတာလဲ။
ဟုတ်တယ် ကျုပ်ကြက်မက မလှလည်း ကြက်မပဲ
ကြက်ထီးနဲ့တွေ့ရင်တော့ ကြက်ဥ ရ ရမှာပေါ့"
"မင်းနှယ်ကွယ် သူရို့မှ အလိုမတူတာ။ ဘယ်နဲ့
လုပ်ပါ့"
အမေနဲ့ တာယာပွကြီး၏ အပြန်အလှန်ပြောသည်
များကြောင့် ကျွန်တော်တို့မှာ ကိုယ်စီပြုံးမိကြသည်။
အော် အချစ်နဲ့ ဥ ရယ်ဟုသာ ပိုစ့်ကို အမည်ပေးရ
အုံးမည်။