ငယ်စဉ်က ကျောက်ဖရုံသီးကို ဘာသီးကြီးလဲဟု
မြင်ပြီး ကြည့်ပြီး အမည်ကို မသိခဲ့ပေ။ ထိုကျောက်ဖရုံ
သီးကို မြင်တိုင်း စိတ်မှာ တမျိုးဖြစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုပါမူ ထိုကျောက်ဖရုံသီးကြီးတလုံး
သည် လူသေကောင်၊ အသုဘတဦး၏ အနီးမှာ
ငယ်စဉ်က အမြဲမြင်တွေ့ခဲ့ရသည်။ ယခုခေတ်မှာတော့
ထိုသို့ပြုလုပ်ခြင်း မရှိတော့ပေ လျှပ်စစ်ဖြင့်ပြုလုပ်ထားသော
အအေးခန်းခေါင်တလားဖြင့် ထားရှိကြသည်။
ငယ်စဉ်က ထိုအသီးကြီး လူသေကောင်အနီးမှာ
ဘာပြုလို့ ထားသလဲ မမေးမြန်းမိခဲ့ပေ။ မမေးမြန်း
ဆို ထို ကျောက်ဖရုံသီးဆီသို့ စိတ်ရောက်သွားသည်က
ခဏတာပါ။ အသုဘဘေးက ဖဲဝိုင်းဆီသို့ စိတ်
ရောက်သွားသည်က အများသားပေမို့။ အသီးကို
မေးမြန်းဖို့ အာရုံကို ဖဲဝိုင်းအာရုံက အနိုင်ယူ
သွားပေသည်။
အသက်အရွယ်ရလာပြီး စာအုပ်လေးအနည်းငယ်
ဖတ်မိလာမှ အော် ကျောက်ဖရုံသီးက အနံ့ဆိုးများ
ကို စုပ်ယူမှုရှိသည်။ ထိုကြောင့် ထိုအသီးကို
လူသေကောင် အနီးမှာထားခြင်းဖြစ်သည်။
နောက်ပြီး စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်မင်းသား
သုမောင် ကလည်း ရေးသားထားသည်ကို ဖတ်ရသည်။
သူ့အိမ်မှာ အလုပ်လုပ်သော အမျိုးသမီးလေးသည်
ဂျိုင်းချွေးနံ့ နံ့သဖြင့် သုမောင်အမေက ထိုအမျိုးသမီးကို
ကျောက်ဖရုံဟင်းရည်၊ ကျောက်ဖရုံယိုများ
ကျွေးသဖြင့် ချွေးနံ့ ပျောက်သွားသည်။
ကျောက်ဖရုံသီးသည် အာဟာရဓာတ် – ဗီတာမင် C,
သဘာဝအငွေ့ရည်၊ ဖိုက်ဘာ များပါဝင်သည်။
ကျန်းမာရေးအကျိုးကျေးဇူး အနေဖြင့် ကိုယ်လက်စွမ်းအား
မြှင့်တင်ခြင်း၊ အစာအိမ်ကျန်းမာရေးထိန်းသိမ်းခြင်း၊
အရေပြားကျန်းမာရေးကောင်းစေတယ်လို့
ချက်ဂျီပီတီမှာ တွေ့ရသည်။
ဒီလို အကျိုးတွေရှိတဲ့ ကျောက်ဖရုံသီးကို အိမ်မှာ
စိုက်ပျိုးသည်။ အိမ်ခြံဝင်းတခါးပေါက်ရဲ့ ဘေးတဖက်
တချက်စီမှာ စိုက်ပျိုးသည်။ တံခါးပေါက်၏
အနောက်ဘက်မှာရှိသော အပင်က ရှင်ပြီး၊
အရှေ့ဘက်မှာ ရှိသော အပင်ကတော့
မရှင်ပေ။ နေရောင်မရလို့လေးလား မသိပေ။
ကျောက်ဖရုံသီးက သီးပြီဆိုပါမူ တလုံးပြီးတလုံး
သီးကာ နည်းနည်းနောနောကြီးတွေမဟုတ်ပေ။
သူ့အရွက်နှင့် အရိုးများက ဆူးများပါသည်။
ထိုကြောင့် ခရုနှင့် ကြွက်များ၏ ကိုက်ဖြတ်စားမှုကို
မခံရပေ။ ကျောက်ဖရုံပင်ကို စိုက်ရသည်က
အခြားအပင်များထက် စိတ်ချမ်းသာသည်။
ပြီးခဲ့သောနှစ်က မစိုက်ခဲ့ရ၍ ယခုနှစ်မှာတော့
စိုက်ပျိုးလိုက်သည်။ အပင်၏ အညွန့်က စင်ပေါ်သို့
ရောင်ပေပြီဖြစ်သည်။ ဒီနှစ်မှာတော့ ကျောက်ဖရုံသီး
စားရမည်ထင်တာပ။