ပိုစ်တ့င်ဖို့ ပျင်းတာရော အနည်းငယ်သော
အလုပ်ကလေးများကြောင့်ပါ ပျက်ကွက်ရသည်။
နွေးအကူး လေရူးတွေလည်းမြူးပြီလေ။
သစ်ရွက်တွေ ကြွေတာကြည့် စာရေးဖို့ ပျင်းပြီး
ငပျင်းကြီး ပျင်းနေတော့သည်။ ယနေ့ ရွှေစာရံ
ဘုရားပွဲစ ပေပြီ။ အညာနွေ နေပူထဲ လူစုစုက
ဖုန်မှုန့်တွေကြား တိုးဝှေ့ကာ ဘုရားဖူးနေကြပေရော့မည်။
စက်လှေသမားများက သူ့ထက်ငါ အလုအယက်
လှေစီးဖို့ ခေါ်ငင်နေကြပေမည်။ ဘုရားအတွင်းရှိ
နတ်ကွင်းမှာ ပွဲထိုးဖို့ အုန်းငှက်ပျောပွဲ ရောင်းသူ
များက အလုအယက် ခေါ်ကြပြန်သည်။ ရွှေစာရံ
ဘုရားပွဲမှာ ဇာတ်ပွဲများကို မတွေ့ခဲ့ရပေ။
မုန့်ခေါင်းအုံးရောင်းသူနှင့် ကျေးလက်လုပ်ငန်းသုံး
ပစ္စည်းရောင်းချဆိုင်ခန်းများကိုလည်း တွေ့ရသည်။
အညာဘုရားပွဲဆိုသည်နှင့် ဖုန်တထောင်ထောင်
ထနေသည်ကိုသာ ပြေးမြင်မိသည်။ သို့ပေသိ
အညာ ဘုရားပွဲဆိုသည်နှင့် စိတ်မှာ လှည်းလမ်းကြောင်း
ရယ်၊ လက်ပံပွင့်တွေရယ်၊ ထနောင်း တမာပင်များကို
မြင်မိသည်။ ထိုအပြင် နေရီရီ နေညိုညိုမှာ
ထန်းပင်များကြား လိမ္မော်ရောင် နေလုံးကြီးရယ်က
မမေ့စေသော အညာ၏ပုံရိပ်ရှုခင်းပါလေ။
အညာဘုရားပွဲခင်းဈေးမှာ ဈေးသည်များ၏
ရောင်းချမှုများကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ခဲ့သည်။
ကိုယ်တွေက အိမ်ထွက်နည်းသဖြင့် ယခုလို
ဘုရားပွဲဈေးကြုံတုန်း မြင်သမျှ၊ တွေ့သမျှ
ဓာတ်ဖမ်းရလေသည်။ တူမတို့ သားအမိက
တစ်တော့မှာတင်ရန် ဗီဒီယိုရိုက်လိုက်၊ ဓာတ်ပုံ
ရိုက်လိုက်ဖြင့် အလုပ်များသည်။ ကိုယ်တွေလည်း
Hive မှာ ပိုစ့်တင်ဖို့ ဓာတ်ပုံရိုက်သည်။
ရွှေစာရံပွဲသွားတာ ဘုရားလည်းဖူး၊ ပိုစ့်လည်း
တင်ဖို့အတွက် စိတ်ကူးကာ လိုက်ခဲ့သည်။
ဒုဌဝတီမြစ်ရေကြည်ကိုလည်း ကြည့်ဖို့အတွက်ဖြစ်သည်။
ပုံမှန်ဆိုပါမူ မြစ်ရေက ယခုလို နွေ
ရောက်ပြီဆိုပါမူ ကြည်လင်နေသည်။ ယခုမူ
ရေက အဝါရောင်အနည်းငယ်သန်းသည်။
ကြည်လင်မှုမရှိ။ မြစ်ရေက အေးမြနေသည်။
ခြေအချမှာ အေးစိမ့်သော မြစ်ရေအထိအတွေ့
ကိုရသည်။ လက်များကို ရေမှာနှစ်ကာ ဆေးကြောမိသည်။
ခပ်လှမ်းလှမ်းမှာ အမျိုးသမီးနှစ်ဦးက
အဝတ်လျှော်နေသည်။ ကလေးငယ်တဦးက ရေချိုး
နေသည်။
မြစ်တဖက်ကမ်းမှာ ရောင်စုံထီးများမိုးကာ ဈေးဆိုင်ခန်း
များဖွင့်လှစ်ထားသည်။ ဆောင်ဘောက်များဖွင့်ပြီး
မြစ်အတွင်း ရေချိုးသူ၊ ဘောကွင်းစီးသူများကို
လှမ်းမြင်ရသည်။ မြစ်အထက်ကို မျှော်ကြည့်တော့
မို့မို့ ညို့ညို့ မိုး ကောင်းကင်နှင့် မြစ်တဖက်တချက်
သစ်ပင်ကြီးများနဲ့ စိုက်ခင်းအချို့ကို တွေ့ရသည်။
မြစ်အတွင်းမှ စက်လှေသမားများက ဌာနေ လေသမား
များအပြင် ပွဲတော်အတွင်းမှာ အခြားအရပ်မှ
လာသော စက်လှေသမားများလည်း ရှိသည်။
တပေါင်းလပွဲတော်အမှီ ကျောင်းပိတ်ရက်မို့ မောင်
ပြန်လာခဲ့မည်။ လူကြုံတွေမေး၊ စာတွေရေးကာ
ဟိုရှေးက ပြုခဲ့ကြပေသည်။ ယခုခေတ်မှာတော့
နည်းပညာထွန်းကားလာသမို့ လူကြုံမလို။
စာခွေ ပို့စရာ မလိုတော့ပေ။ သို့ပေသိပေါ့လေ။
အညာနွေပူပေသိ အညာမြေသားတွေက
ပူရမှန်းမသိအောင် အပျော်မက်ကြသူတွေရှိသလို။
အပျော်ဆိုတာ ဘယ်လိုဟာလည်းလို့ မေ့ပျောက်
နေသူ အညာသူ/သားများလည်း ရှိနေသည်မှာ
အညာနွေက ပူပါတယ်ဗျာ ဆိုသလိုပါလေ။