ယခုတလော ကိုယ့်ရဲ့စိတ်ကို ငြိမ်အောင်
ဝင်လေ ထွက်လေ အာနာပါန လေ့ကျင့်မိသည်။
စိတ်ဆိုသည် အတော်လျှင်မြန်ပေသည်။ လက်ဖျစ်
တစ်တွတ် အချိန်လေးမှာပင် စိတ်ဟာ ကုဋေတစ်သိန်းလောက်
ဖြစ်နိုင်တယ်ဆိုတော့ နည်းနည်းနောနော
မဟုတ်ပေဘူး။ ဟုတ်တာပေါ့ ကျွန်တော်သည်
ဆယ်မိနစ်အတွင်း ဝင်လေ ထွက်လေမှတ်သည့်
အချိန်မှာပင် စိတ်ကို လိုက်ဖမ်းနေရတာ မောပါ့ဗျာ။
စိတ်ကလေးကို နှာသီးဖျာက ဝင်လေ ထွက်လေ
ကို မှတ်ပါဆိုမှ ဘယ်တွေရောက်သွားမှန်းမသိ။
တောင်ရောက် မြောက်ရောက်သော စိတ်ကို ပြန်ဖမ်း
ပြီးသကာလ နှာသီးဖျားပြန်ပို့။ အဲ့သလို စိတ်က
လွတ်သွားလိုက် ပြန်ဖမ်းလိုက်နဲ့ မိနစ်နှစ်ဆယ်
ကျော်ခဲ့သည်။ စိတ်နဲ့ ဝင်လေ ထွက်လေကို
သတိထားနေတုန်း ခြေထောက်က ထုံလာသည်။
လည်ချောင်းမှာ ခြောက်၍ တံတွေးကို မျိုချမိသည်။
ခြေထောက်က အတော်ထုံကျင်လာ၍ ဝင်လေ
ထွက်လေကို သတိမထားမိအောင်ဖြစ်သည်။
ထုံကျင်တဲ့စိတ်ကို မေ့၍ ဝင်လေ ထွက်လေကို
စိတ်ပို့သောအခါ ခြေထာက်များက မခံနိုင်အောင်
ထုံကျင်လာသည်။ ထိုကြောင့် ဝင်လေ ထွက်လေ
မှတ်ခြင်းကို ရပ်ကာ ခြေထောက်များကို ဆန့်ထုတ်၍
ထုံကျင်မှုကို သက်သာအောင် ပြုရသည်။
ထိုအခါ မိနစ်သုံးဆယ် ရှိပေသည်။
လူတွေကပြောတယ် ဒီလူကတော့ စိတ်ထားဖြူစင်တယ်။
စိတ်ထားဖြူစင်တယ်ဆိုတာ အပေါ်ယံ
အမြင်သာပေ။ ကိုယ်တွေကတော့ ထိုအပေါ်ယံ
ဖြူစင်မှုတောင် အတော်လုပ်ယူရတာ။ တရားသဘော
စိတ်ထားဖြူစင်မှုဆိုတာ ကိလေသာ အညစ်အကြေးတွေ
လုံးဝကင်းစင်သွားတဲ့စိတ်ဓာတ်။ ပူပန်မှုမရှိဘူး။ညစ်နွမ်းမှုမရှိဘူး။ အမြဲတမ်းအေးချမ်းတယ်။ အဲဒီအေးချမ်းပြီး ငြိမ်သက်နေတဲ့ စိတ်ကလေးဟာ ဖြူစင်နေတယ်။ အဲဒီစိတ်ဓာတ်ကလေးကသာ အမှန်တကယ်ဖြူစင်မှုဟု ဆိုသည်။
လူတစ်ယောက်ဟာ ကိုယ့်ရဲ့ပစ္စည်းဥစ္စာနဲ့ ပတ်သက်ရင်ဆုံးရှုံးမယ့် အနေအထားတွေရောက်မယ်ဆိုရင် ပူတယ်။ဆုံးရှုံးသွားရင်လည်း
နှစ်မျိုးထပ်ပြီး ပူနေတတ်တယ်။
ကိုယ့်ဆွေမျိုးသားချင်း ရောဂါဝေဒနာဖြစ်လာမယ်ဆိုရင်လည်း
ပူတယ်။ ထိခိုက်တော့မယ်အနေအထားရောက်ရင်လည်း
ပူတယ်။ ထိခိုက်သွားရင်လည်းပူတယ်။
နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်လည်းပူတယ်။ ဒါကို
စိုးရိမ်စိတ်လို့ခေါ်တယ်။ များလိုက်တဲ့အပူတွေ။
ဒီအပူတွေ မတွေ့ခင် ခဏလေးသော အချိန်လေးမှာ
ပျော်စရာတွေနဲ့ မေ့ထားလိုက်ကြတာ။ ဗြန်းခနဲ့ဆို
လန့်လိုက်တာရှင် သင်္ကြန်သီချင်းထဲ့က စာသားလို
အဲ့သလို ဗြန်းကနဲ့ ဗြုန်းကနဲ့ အပူကို တွေ့တော့မှ ပူလိုက်တာ
ပူလေခြင်းလို့ အလူးအလဲခံကြရသည်။
အဲ့သလို အပူတွေ လာမယ်မှန်းလည်း သိကြသည်။
သိပေမဲ့လည်း မေ့ထားကြသည်။ ကိုယ်ကိုယ် သူသူ
အဲ့အပူကို မယူချင်ကြဘူး။ သို့ပေသိ အချိန်တန်ရင်
ရောက်လာသည်။ ဒီတော့ အဲ့အပူကို အပူသက်သာအောင်
ရှာဖွေသူရှိသလို။ မေ့ထားသူလည်း ရှိပေသည်။
စိတ်ထဲမှာ မခံချိမခံသာဖြစ်ပြီး ဒေါသနဲ့ ယှဉ်တွဲလာတဲ့
ခံစားချက်မျိုး။ အနေရခက်တဲ့ခံစားချက်ပဲ။
အဲဒါကို ဘာနဲ့ဥပမာပေးလဲဆိုတော့ ပူပြီး ဆူလာတဲ့
ဆီတွေလိုပဲ လူတွေရဲ့စိတ်နှလုံးဟာလည်း အဲဒီလိုဖြစ်လာတယ်။
အဲ့သလိုမျိုး ခံစားဖူးကြပါသလား။
ကျွန်တော်လည်း ခံစားဖူးသည်။ မကြာခဏ
ခံစားရသည်။ အဲ့အချိန်မှာ ခန္ဓာကိုယ်ကြီးတခုလုံး
ပူနေသည်။ သတိမထားမိကြလို့။ သတိမထားဆို
စိတ်က ခံပြင်းဒေါသအပူတွေနဲ့ဆိုတော့ ကိုယ့်ခန္ဓာ
ကြီးရဲ့အပူကို သတိမထားနိုင်တော့ဘူး။ အဲ့အချိန်မှာ
ဘယ်သူမှ ဘာမှ လာမပြောနဲ့ အပူဆုံးအချိန်
ပေါက်ကွဲထွက်ဖို့ တာစူနေသည်။ နောင်မှ
ထိုအပူကြီးက တဖြည်းဖြည်းချင်း အပူလျော့
သွားသည်။ အဲ အပူမလျော့ပဲ ပေါက်ကွဲထွက်သွား
ပါရင်တော့ နောင်တတွေနဲ့ အပူငွေ့တွေက
တမြေ့မြေ့ပူနေပေအုံးမည်။
အဲသလို စိုးရိမ်စိတ်၊ သောက အပူတွေကို
ပျောက်ချင်ရင်သတိပဌာန်တရားပွားများရမည်။
နှလုံးသားကို ပူလောင်စေတတ်တဲ့ သောကကို
ဖယ်ရှားရင်လည်း ဒီ သတိပဌာန်းလမ်း
လျှောက်ကြရမည်ကို ပါချုပ်ဆရာတော်ကြီး၏
မဟာသတိပဌာနသုတ် အနှစ်ချုပ်တရားအား
ပြန်လည်မျှဝေပါသည်။