ကမ္ဘာကြီးက မြေထုနှင့် ရေထုမှာ ရေထုက
ပိုကြီးမားသည်ဟု ငယ်စဉ်က ကျောင်းသင်ခန်းစာ
မှာ သင်ခဲ့ရသည်။ ရေထုက ကြီးမားရင်
ရေတွေ ကုန်းပေါ်တက်လာရင် ဒုက္ခဟု
ရေမကူးတတ်သော ကျွန်တော် ငယ်စဉ်က
အတော်ခေါင်းစားခဲ့သည်။ နောက်တခု
ရွှေဉာဏ်စူးသည်က လူတွေက ဒီလောက်များတာ
ကုန်းမြေနည်းနည်းလေးနဲ့ လူတွေဆန့်ပါမလား
ပေါ့။ လူတွေနေလို့ လောက်ပါမလားပေါ့။
အတော်ကို စိုးရိမ်နေခဲ့တာ။ ဒါကြောင့် ကျုပ်
အရပ်ပုတာနေမှာ။
ကုန်းမြေနဲ့ ရေ မှာ ရေတွေဒီလောက်များတာ
အချို့နေရာတွေ ရေရှားချက်။ ရေကို မန္တလေး
မြို့သစ်မှာ အိမ်တိုင်း အဝီစိတွင်းများတူး၍
သုံးကြသည်။ ကျွန်တော်တို့ မြို့ထဲမှာနေစဉ်က
ကျုံးရေကို အသုံးပြုသည်။ မြို့ထဲရှိ တိုက်တန်း
များမှာ အဝီစိတွင်းကြီးတူး၍ ရေလှောင်ကာ
တိုက်များပေါ်သို့ စက်ဖြင့် တဖန်ပြန်တင်ပေးသည်။
ရေလှောင်ကန်ကို ကျုံးရေနှင့် အဝီစိနှစ်မျိုး
ထဲ့၍ သုံးသည့် တိုက်တန်းများလည်းရှိသည်။
ပြောချင်သည်က မြို့သစ်နှင့် အနီးဝန်ကျင်ရှိ
ဒေသများသည် မြေအောက်ရေကို သုံးစွဲမှု
အလွန်များသည်။ ထိုကြောင့် နောက်အနှစ်
သုံးဆယ်ခန့်ဆိုပါလျှင် ထိုအရပ်များသည်
မြေနိမ့်ကျွံမှုများဖြစ်လာနိုင်သည်ဟု စာမှာ
ဖတ်ရဖူးသည်။ ဖြစ်နိုင်ပေသည်။ မြေချထားစဉ်က
ပေလေးဆယ်၊ခြောက်ဆယ် အိမ်ဝိုင်းများနှင့်
ပေလေးဆယ် သုံးဆယ် အိမ်ဝိုင်းများ ချပေး
ထားခဲ့သည်။
ယခုအခါ လူနေစိတ်လာ၍ ထိုအိမ်ဝန်းပေကျယ်
များကို ဆယ်ပေ၊ ဆယ့်ငါးပေနှင့် ပေနှစ်ဆယ်
အစရှိသဖြင့် စိတ်ပိုင်းကာ ရောင်းချပြီး နေထိုင်
လာသည်။ ထိုပေများ၏ အိမ်အရှိအတိုင်း
အဝီစိတွင်းများတူးလာကြသည်။ ထိုအခါ
မြေအောက်ရေထုတ်ယူမှုက ပိုမိုများပြားလာသည်။
မြေအောက်ရေ သုံးစွဲမှု လျှော့နည်းအောင်
ဂျပန်နိုင်ငံမှ ရေကူညီမှုကလည်း ရပ်ကွက်တိုင်း
ရောက်ရှိမှု မရသေးပေ။
ထို မြေအောင်ရေကို ထုတ်ယူရာတွင် စက်နှစ်မျိုး
ကို တွေ့သည်။ ကျွန်တော့်အိမ်မှ စက်က မြေအောက်
မှ ရေကို လေဖြင့်မှုတ်ထုတ်၍ ယူခြင်းဖြစ်သည်။
သူက မီးဆွဲအားများသည်။ ရေထွက်အားနည်း၍
ကြာသည်ဟုသိရသည်။
နောက်တခုက ထွန်းတုန်းရပ်ကွက်မှ အကို
တဝမ်းကွဲ၏ နေအိမ်မှ စက်ဖြစ်သည်။ သူကတော့
မြေအောင်ရေကို မော်တာဖြင့် တိုက်ရိုက်စုပ်
ယူသည်။ အကုန်အကျသက်သာသည်။
မီတာခလည်း သက်သာသည်။ သို့သော်
မြေအောက်ကို တွင်း၊ ဂလိုင် အဖြစ်မြန်စေ
သည်။ ထို တွင်း၊ ဂလိုင် ပြိုကျခြင်း ပိတ်ဆို့ခြင်း
ဖြစ်ပါက ရေထွက်မှု ရပ်သွားတတ်သည်။
အဆိုပါ မော်တာစက်ဖြင့် ဆယ့်ငါးပေ ပတ်လည်
မြေအောက်ရေတွေ ထုတ်ယူနေကြပါလျှင်
ကြာလာရင် ဘာတွေဆက်ဖြစ်လာမည်
မသိနိုင်ပေ။ မြေထုထက် ရေထု ပိုများသည့်
ကမ္ဘာကြီးကို ကလေးအတွေးဖြင့်သာ
တွေးရပါမူ ရေတွေကုန်အောင် ကျုပ်တို့
မြို့သစ်က ကူညီပေးတာလို့ သဘောသာ
ထားကြပါလို့။ မြေပြိုတော့လည်း
ပျော်ပျော်ကြီး ပြိုကြတာပ။