ကံတရားတို့က ဆန်းကြယ် စသည့် အမည်ဖြင့်
စာအုပ်ဖတ်ဖူးသည်လား မမှတ်မိပေ။ ထိုအမည်ကို
စိတ်မှာ မှတ်မှတ်ရရဖြစ်နေသည်။ ကံတရားဆိုသည်
ကလည်း အင်မတန်ကို အံ့ဩစရာ ကောင်းသော
အရာဖြစ်သည်။ ကိုယ်တွေ့ခံစားရသူ မြင်တွေ့ရသူ
စသဖြင့် အမျိုးမျိုးရှိကြပေမည်။
ချက်ဂျီပီတီ၏ ပြောကြားချက်များအရ
ကံတရားဆိုတာကို “လုပ်ရပ်အပေါ် မူတည်ပြီး
ရလဒ်တွေ ပြန်ရတတ်ခြင်း” လို့ ပြောနိုင်ပါတယ်။
ကံဆိုတာ လူလုပ်တာဟုလည်း ပြောကြပြန်ပါ
သေးသည်။ ကံကိုယုံ ဆူးပုံမနင်းနဲ့ဟုလည်း
စကားပုံရှိသည်။ ကျွန်တော်တို့ မြန်မာလူမျိုး
အများစုက ကံကို အင်မတန်ယုံကြည်သူက
အများသားပေ။
ကံတရားဟာ လူတစ်ယောက်ရဲ့ ကိုယ်ပြုတဲ့ အလုပ်တွေ
(ကောင်းတာ၊ ဆိုးတာ) အပေါ် မူတည်ပြီး အနာဂတ်မှာ
အကျိုးဆက်တွေ ပြန်ရရှိလာတာကို ဆိုလိုပါတယ်။
ဗုဒ္ဓဘာသာအရတော့ ကံဆိုတာကို ကိုယ်၊ နုတ်၊ စိတ်
သုံးပါးနဲ့ ပြုလုပ်တဲ့ လုပ်ရပ်တွေကို ဆိုပြီး၊ အဲဒီလုပ်ရပ်တွေက
နောက်တစ်ခါ ဘဝထဲမှာပဲ ဖြစ်ဖြစ်၊ နောက်ဘဝမှာပဲ
ဖြစ်ဖြစ် အကျိုးသက်ရောက်မှု ရှိတတ်တယ်လို့ ယူဆပါတယ်။
အတိုချုပ်ဆုံး— “ကိုယ်ပြုတာကိုယ်ခံရတာ” ဆိုတာပဲ
ကံတရားရဲ့ အဓိက အယူအဆ ဖြစ်ပါတယ်။
ထိုအပြင် ကုသိုလ်ကံ၊ အကုသိုလ်ကံ အကျိုးပေးက
အဖော် အပေါင်းများနဲ့ အုပ်စုဖွဲ့လာတတ်သည်လည်း
ရှိသည်။ ဤသို့ ကံအကြောင်း အစပျိုးနေရခြင်းမှာ
ကျွန်တော့်အိမ်ဘေးမှ မိန်းကလေးတဦး၏
အဖြစ်အပျက်များကို မြင်တွေ့ ကြားသိရသဖြင့်
ရေးရခြင်းဖြစ်သည်။ ထိုမိန်းကလေးက အသက်
နှစ်ဆယ်ကျော်အရွယ်ဖြစ်သည်။ လုံးကြီးပေါက်
လှသောသူဖြစ်သည်။
တလောက သူမလုပ်သော ကုမ္ပဏီမှ ငွေစာရင်းများ
ကွာသဖြင့် အမှု့အခင်းဖြစ်သည်။ အမှုအခင်း
ဖြစ်နေစဉ် ဆိုင်ကယ် အက်ဆီဒင့်ဖြစ်၍ မျက်လုံး
တဖက် ထိခိုက်မိသွားသည်။ မျက်လုံးအမြင်အာရုံ
မထိခိုက်သော်လည်း မျက်ခွံက အတော်နှင့် ဖွင့်မရ
ပေ။ ကြည့်သည့်အခါ မျက်ခွံကို လက်ဖြင့် ပင့်၍
ကြည့်ရသည်။ ကုမ္ပဏီမှ ငွေကွာခြားမှုအတွက်
ရဲစခန်းမှာ တလနီးပါး အချုပ်ခံရသည်။ ကွာခြား
ငွေကို အိမ်ဝိုင်း တစိတ် ပိုင်းရောင်း၍ အလျှော်ပေး
လိုက်ရသည်။
ထိုကိစ္စများပြီးစီး၍ ခြောက်လခန့်အကြာမှာ သူမသည်
မင်္ဂလာဆောင်ရန်အတွက် စီစဉ်သည်။ မင်္ဂလာဆောင်
ကိစ္စများ အားလုံးပြီးစီး၍ နှစ်ရက်အလိုမှာ ဖိတ်စာ
များလိုက်ဖိတ်သည်။ သူမနှင့် သတို့သားနှစ်ဦး
ဖိတ်စာဝေဖို့ ဆိုင်ကယ်စီး၍ အသွား ကားဖြင့်
တိုက်ခြင်းခံရသည်။ သတို့သားလောင်းက
ခြေထောက်ထိခိုက်ပြီး ကံကောင်းစွာဖြင့် ခြေထောက်
တော့မကျိုးပေ။ ထော့နင် ထော့နင်ဖြစ်ပြီး
လမ်းလျှောက်ရသည်။
သတို့သမီးလောင်း သူမကတော့ မျက်နှာတခြမ်းက
ထိခိုက် ဒဏ်ရာရသည်။ ခါးကိုထိခိုက်သဖြင့်
လမ်းကောင်းစွာ မလျှောက်နိုင်၍ လူတွဲပြီး
လျှောက်ရသည်။ မင်္ဂလာဆောင်နေ့မှာ သတို့သမီးက
ဝှီးချဲဖြင့် တက်ရောက်ရသည်။ မင်္ဂလာပွဲကို
ဖြစ်မြောက်အောင်သာ ပြုလုပ်လိုက်ရလေသည်။
ထိုမိန်းကလေး၏ ကံတရားသည်က အဆိုးများနှင့်
ကြုံတွေ့နေရသည့်ကာလ ဖြစ်ပေမည်ဟု စဉ်းစားမိ
ပါလေသည်။