"အေး နော် မခုတ်နဲ့နော်"
"မ ခုတ် ရ ဘူး လို့"
"ပြောနေတာ မရဘူးလား စိတ်တိုလာပြီ"
"ကဲ မခုတ် ပါနဲ့လို့ ပြောနေတာကို"
"ခုတ်မှ အဆင်ပြေမှာလေ"
"ခုတ်ပစ်မှ အောက်က အပင်က လေရော
နေရောရမှာပေါ့"
"မခုတ်ပါဘူးဆို အဲ့ အမေက ငရဲကြီးအောင်
လုပ်နေတာ"
"အပင်ဆိုတာ ခုတ်မှ သန်လာမှာ၊ အတက်အသစ်
အညွန့်သစ်ထွက်လာမှာ။ ညည်း မခုတ်ပဲ ဒီအတိုင်း
ထားရင် အပင်က မထွားပဲ သေးသေးလေးပဲ
ဖြစ်နေမှာပေါ့"
အိမ်အပြင်ဖက်မှာ အမေနှင့်သမီး သစ်ပင်ခုတ်
ခြင်း၊ မခုတ်ခြင်းအတွက် စကားများနေကြသည်။
မိုးကျလာတော့ သစ်ပင်များက မိုးရေဖြင့်
ကိုင်းအဖျား အနားများက အောက်သို့ တွဲကျ
လာသည်။ ထိုတွဲကျလာသည့် ကိုင်းများကို
အမေ က ဓားဖြင့်ခုတ်ရန် တရွယ်ရွယ်လုပ်
နေသည်။
ထိုသို့ သစ်ပင်ခုတ်ရန် ဓားဖြင့် ရွယ်နေသူ
အမေကို သမီးက အိမ်ပေါ်မှနေ၍ မခုတ်ရန်
ပြောနေခြင်းဖြစ်သည်။ သူရို့ သားအမိ
ခုတ်မည် မခုတ်မည်ဆိုသော အပင်ကား
ဗာဒံပင်ပျိုဖြစ်သည်။ ဗာဒံပင်ပျိုက
ထီးကဲ့သို့ ပုံသဏ္ဍာန်ရှိကာ အောက်ခြေကိုင်း
များက လူအရပ်ဖြင့် မလွတ်သလိုလို
လွတ်သလိုလို ဖြစ်သည်။
ထိုဗာဒံပင်၏ အရှေ့ဖက်မှာ တရုတ်စကား
ပင်ပေါက် စိုက်ထားသည်။ ထိုတရုတ်စကား
ပင်ပေါက်ကို နေရောင်ရရန်အတွက်လည်း
ခုတ်ခြင်းဖြစ်သည်။
ဗာဒံပင်ပျိုက အရပ်ပုသူအတွက် လွတ်ပြီး၊
အရပ်ရှည်သူအတွက် ခေါင်းငုံ့ရသည်။ ထို
ကိုင်းများကို အမေဖြစ်သူက
ခုတ်ပစ်ချင်သည်။ သမီးက ထိုကိုင်းလေးများက
ထီးလိုဖြစ်၍ လှသည်ဟု ခံယူကာ မခုတ်ဖို့
တားခြင်းဖြစ်သည်။
အမေနှင့် သမီးဖြစ်သူ ကိုယ်စီစိတ်ကူးများနှင့်
သူရို့ဟာနဲ့ သူရို့တော့ဟုတ်နေကြသည်။
မအေဖြစ်သူက ခုတ်ချင်သည်။ သမီးက
မခုတ်ရ အငြင်းပွားနေသည်။ သူနိုင် ကိုယ်နိုင်
အငြင်းပွားစဉ် မအေက ကိုင်းသေးတခုကို
ပြောဆိုရင်း ခုတ်ချသည်။
"အမေ က တော့ လေ"
" မရဘူး ခုတ်ဆို ခုတ်ရမှ အကုန်မခုတ်ရရင်
သေးတာလေးတော့ ခုတ်ရမှအေ"
သို့နှင့် အမေနှင့် သမီး ဗာဒံပင် ပြဿနာ
ပြီးဆုံးသွားကြလေတော့သည်။